Archive for 2018
ရေဘေးသင့် ပြည်သူများအတွက် မဘသ ၏ ဆောင်ရွက်ချက်
မွန်၊ ကရင်၊ ပဲခူးဒေသမှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းနိုင်ရန်အတွက် နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေတိဂုံစေတီတော်သြဝါဒါစရိယ၊ အင်းစိန်ရွာပရိယတ္တိစာသင်တိုက်များ၏ဦးစီးပဓာန နာယက၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသမှ အလှူတော်ငွေ (၁၀)သိန်းကျပ်၊
ဦးအောင်လွင်+ဒေါ်ဖြူ ဖြူ အေး မိသားစု သြစတေးလျမှ အလှူတော်ငွေ(၃)သိန်းကျပ် အသီးသီးလှူဒါန်းပေးခဲ့ကြပါသည်။
ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းလိုပါက
ဒေါက်တာသောပါက- ၀၉၇၉၉၉၃၇၈၅၇၊ ၀၉၄၂၁၀၆၇၀၀၇
မြနန်းဆရာတော်-၀၉၂၅၅၇၁၉၉၆၉သို့
ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါအပ်ပါသည်....။
29-7-2018
6:42pm
အသိပေးနှိုးဆော် တိုက်တွန်းခြင်း
မြန်မာနိုင်ငံဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျှက်ရှိသည်ကို ကြားသိနေရပါသည်။
ယခုအချိန်အခါသည်လည်း သံဃာတော်များ ဝါဆိုဝါကပ်ရမည့်အချိန်အခါကာလ ဖြစ်နေသည့်အတွက် ကူညီရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ကူညီနိုင်ရန် အဆင်သင့်မဖြစ်ခဲ့ကြပါ။ သို့သော်လည်း အချို့ဒေသဆိုင်ရာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့များ နှင့် တပ်မတော်သားများ၊ ပရဟိတအသင်းအဖွဲ့များက မိမိတို့နီးစပ်ရာတွင် ကူညီပေးနေကြသည်ကိုတွေ့ရှိရသည့်အတွက်လည်း များစွာဂုဏ်ယူကျေနပ်မိပါသည်။
ရေးဘေးကူညီစောင့်ရှောက်ရန် လိုအပ်လျှက်ရှိသောဒေသများသို့ မကြာမီ သွားရောက်ကူညီပေးရန် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်ကြီးက ညွှန်ကြားထားပြီးလည်း ဖြစ်ပါသည်။ သို့အတွက်ကြောင့် သက်ဆိုင်ရာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့များအနေဖြင့် ဝါဆိုဝါကပ်ပြီးနောက်ပိုင်းများတွင် ရေဘေးသင့် ပြည်သူများအား အတူတကွပူးပေါင်းကူညီစောင့်ရှောက်နိုင်ပါစေကြောင်း ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(ဗဟို)
၂၇.၇.၂ဝ၁၈
ဒုတိယဝါဆိုလပြည့်နေ့
ပြည်သူနှင့်အတူ ကူညီဆောင်ရွက်ပေးနေသော ရဟန်းသံဃာများနှင့် တပ်မတော်သားများ
#ပြည်သူနှင့်အတူ ကူညီဆောင်ရွက်ပေးနေသော ရဟန်းသံဃာများနှင့် တပ်မတော်သားများ
သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေသော ပြည်သူများအား မိမိအသက်နဲ့ရင်း ကာကွယ်ပေးနေကြပါသော ရဟန်းရှင်လူများနှင့် မြန်မာ့တပ်မတော်သားများ၊ မြန်မာ့မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များအား လေးစားဂုဏ်ယူနေပါတယ်ရှင်
#ဒေါ်စိမ်းမို့မို့
29.7.2018(Sun)
သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေသော ပြည်သူများအား မိမိအသက်နဲ့ရင်း ကာကွယ်ပေးနေကြပါသော ရဟန်းရှင်လူများနှင့် မြန်မာ့တပ်မတော်သားများ၊ မြန်မာ့မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များအား လေးစားဂုဏ်ယူနေပါတယ်ရှင်
#ဒေါ်စိမ်းမို့မို့
29.7.2018(Sun)
နေပြည်တော် ဇူလိုင် ၂၆
နေပြည်တော် ဇူလိုင် ၂၆
(Unicode Version)
လမ်းရေကျော်မှုများ ဖြစ်ပေါ်လျက်ရှိသည့် ရန်ကုန်- စစ်တွေကားလမ်း၌
နယ်မြေခံ တပ်မတော်သားများက မော်တော်ယာဉ် လမ်းကြောင်း ပြသမှုများနှင့် သယ်ယူပို့ဆောင်မှုများ ဆောင်ရွက်
နေပြည်တော် ဇူလိုင် ၂၆
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း ဇူလိုင် ၂၂ ရက်မှ ယနေ့အထိ မိုးသည်းထန်စွာရွာသွန်းပြီး ရန်ကုန်-စစ်တွေကားလမ်း အနိမ့် ပိုင်းနေရာများ၌ လမ်းရေကျော်မှုများကြောင့်ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ သွားလာရေးအခက်အခဲများဖြစ်ပေါ်လျက် ရှိရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်နှင့် မင်းပြားတပ်နယ် တို့မှ နယ်မြေခံ တပ်မတော်သားများက လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
ရေကြီးရေလျှံမှုများကြောင့် အမ်းမြို့နယ်၊ ကံ့ကော်မြိုင်ကျေးရွာအနီးရှိ ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ်၊ ၁၈ မိုင်တွင် ရေ အနက် ၆ ပေနှင့် ရေပြင်အကျယ်ပေ ၁၅ဝဝခန့် လမ်းရေကျော်မှုဖြစ်ပေါ်လျက်ရှိရာ နယ် မြေခံ တပ်မတော် သားများက မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ရန်အတွက် လမ်းကြောင်းပြသပေးခြင်း၊ ခရီးသည်နှင့် ကုန်ပစ္စည်း များအား ဖိုက်ဘာလှေများဖြင့် သယ်ယူပို့ဆောင်ပေးခြင်းနှင့် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။
(Unicode Version)
လမ်းရေကျော်မှုများ ဖြစ်ပေါ်လျက်ရှိသည့် ရန်ကုန်- စစ်တွေကားလမ်း၌
နယ်မြေခံ တပ်မတော်သားများက မော်တော်ယာဉ် လမ်းကြောင်း ပြသမှုများနှင့် သယ်ယူပို့ဆောင်မှုများ ဆောင်ရွက်
နေပြည်တော် ဇူလိုင် ၂၆
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း ဇူလိုင် ၂၂ ရက်မှ ယနေ့အထိ မိုးသည်းထန်စွာရွာသွန်းပြီး ရန်ကုန်-စစ်တွေကားလမ်း အနိမ့် ပိုင်းနေရာများ၌ လမ်းရေကျော်မှုများကြောင့်ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ သွားလာရေးအခက်အခဲများဖြစ်ပေါ်လျက် ရှိရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်နှင့် မင်းပြားတပ်နယ် တို့မှ နယ်မြေခံ တပ်မတော်သားများက လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
ရေကြီးရေလျှံမှုများကြောင့် အမ်းမြို့နယ်၊ ကံ့ကော်မြိုင်ကျေးရွာအနီးရှိ ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ်၊ ၁၈ မိုင်တွင် ရေ အနက် ၆ ပေနှင့် ရေပြင်အကျယ်ပေ ၁၅ဝဝခန့် လမ်းရေကျော်မှုဖြစ်ပေါ်လျက်ရှိရာ နယ် မြေခံ တပ်မတော် သားများက မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ရန်အတွက် လမ်းကြောင်းပြသပေးခြင်း၊ ခရီးသည်နှင့် ကုန်ပစ္စည်း များအား ဖိုက်ဘာလှေများဖြင့် သယ်ယူပို့ဆောင်ပေးခြင်းနှင့် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။
ထောင်မေတ္တာ အခန်း (၉)
ထောင်မေတ္တာ
အခန်း (၉)
အမှုအမျိုးမျိုး လူအမျိုးမျိုး
***************************
(၄)ရှည်တိုက်မှာ နေရစဉ်က မှတ်မှတ်ရရလေးတွေကို ပြန်ပြောပါအုံးမယ်။
စာတွေလည်း ဖတ်ဖြစ်တယ်။ ငါ ဒီအထဲကနေ မိသားစုအတွက် ဘာလုပ်ပေးနိုင်မလဲ ဆိုတာလည်း စဉ်းစားတယ်ပေါ့။
လူဆိုတာ ကိုယ့်အခြေအနေအရ ကိုယ်လုပ်နိုင်မယ့် အလုပ်ကို တွေးရတာပါ။ အခန်း(၈)မှာ အိမ်က
လာမတွေ့နိုင်တဲ့ အကျဉ်းသားလေးတွေ စားရေးသောက်ရေး ဒုက္ခရောက်ရပုံကို ပြောခဲ့ပါတယ်။ ထောင်မှာ
နေ့စဉ်ကျွေးတာက စရောက်စမှာ ပဲဟင်းတစ်လှည့်၊ ကန်စွန်းရွက်ချည်ရည်တစ်လှည့် ကျွေးတယ်ဗျ။
တစ်ပတ်တစ်ခါ ကြက်သားနှင့် မြစ်ချည် သို့မဟုတ် ငါး ကျွေးတယ်ဗျ။ တစ်ပတ်တစ်ခါ ကြက်ဥပြုတ်လည်း
ရပါတယ်။ အဖွဲ့က လူများတော့ ကြက်ဥကို ပြန်ချက်စားကြတယ်။ ကိုယ်တွေကတော့ မချက်ဘူးပေါ့။
အဲဒီ နှစ်ကြီးအကျဉ်းသားတွေ ချက်တာကို ၀ိုင်းကူပေးရုံလောက်ပေါ့။
တချို့နိုင်ငံရေးသမားတွေက ကျန်းမာရေးအကြောင်းပြပြီး လျှပ်စစ်ဒယ်အိုး
(ဒယ်နီ)သုံးခွင့်ရတယ်လို့ ပြောတယ်။ ပြဿနာရှာတတ်တဲ့ နိုင်ငံရေးသမားတွေပေါ့ဗျာ။ ထောင်ကလည်း
ပြဿနာရှာသူကိုမှ အလေးထားတာဗျ။ အေးအေးဆေးဆေး နေသူဆို သိပ်တော့ အရေးမစိုက်ချင်ဘူး။ နိုင်ငံရေးအကျဉ်းသားဆိုသူများကတော့
ထောင်ထဲရောက်ပြီဆိုတာနဲ့ ထောင်ကွက်နင်းတယ်။ ရုပ်ရှင်ရိုက်တယ်ပေါ့ဗျာ။ သူတို့လိုချင်တဲ့အခွင့်အရေး
အရတောင်းတယ်ပေါ့။ ကျွန်တော်တို့ ထောင်ထဲနေခဲ့တာတော့ သူများနဲ့တန်းတူမဟုတ်တဲ့ အခွင့်အရေးမျိုး
ဘာတစ်ခုမှ အရေးမဆိုခဲ့ပါဘူး။
ထောင်ထဲမှာ ချက်ရတာတော့ မလွယ်ဘူး။ ဟိုးအရင်က ပုံစံပန်းကန်ပြားတွေကို
ဒယ်အိုးလိုဖြစ်အောင် ထုပြီး သိမ်းထားကြတာလေးတွေ ရှိတယ်။ သိသာသိစေ။ မမြင်စေနဲ့ပေါ့ဗျာ။
စစ်ဆေးရေးလာလို့ တွေ့ရင်တော့ သိမ်းသွားတော့တာဗျို့။ (၄)ရှည်မှာဆိုရင် အဲဒီအချိန်တုန်းက
(၂)လုံးရှိတယ်။ အမြဲတမ်းချက်လို့လည်း မရပါဘူး။ ညောင်သီးလည်းစား၊ လေးသံလည်းနားထောင်။
ထောင်မှူးလှည့်ကြည့်တဲ့အချိန်နဲ့ မတိုးအောင်လည်း ရှောင်ရတာပေါ့။ ချက်ပြီဆိုရင် ငါးသေတ္တာဘူးလေးတွေကို
မီးဖိုလုပ်၊ ကော်ခွက် ကော်ဗူးအဟောင်းတွေကို ထင်းအဖြစ်လုပ်ပြီး မီးရှို့ချက်ရတာ။ ညှော်နံ့ထွက်တာပေါ့ဗျာ။
အထဲမှာ နေလာတာကြာတော့လည်း တစ်နေ့လာ ပဲဟင်း၊ ကန်စွန်းရွက် ချည်ရည် နဲ့ ဘယ်အဆင်ပြေမလဲ။
အိမ်က လာပို့ထားတဲ့ အာလူးလေး၊ ခရမ်းချည်သီးလေး ချက်စားကြ။ ထောင်ကပေးတဲ့ ကြက်ဥပြုတ်ကို
ဟင်းဖြစ်အောင် လုပ်ချက်စားကြ။ အိမ်က ပို့တဲ့ ငါးခြောက်ငါးခြမ်းက ကြာလာရင်မကောင်းဘူးလေ။
ပြန်နွှေး၊ ပြန်ချက်ပြီး စားကြရတာပေါ့။
ရုံးထွက်ရက်တွေ ရှိနေတုန်းကတော့ တစ်ပတ်တစ်ခါ အူစိုတာပေါ့ဗျာ။
ရုံးထွက်ရက်မရှိတော့တဲ့အခါကြတော့ အိမ်က အလာကို မျှော်ရတာပေါ့။ ကျွန်တော်ကတော့ အိမ်ကမလာခင်
ကွမ်းကြွေးတွေ တင်တင်နေလို့ အိမ်က ဘယ်ရက်လာမလဲ။ ကွမ်းကြွေးပေးဖို့ မျှော်ရတာဗျို့။
ကိုယ်တစ်ယောက်တည်း ဆိုရင်တော့ တစ်နေ့ တစ်ထောင်ဖိုးလောက် ရပါတယ်။ အဲဒီလို အမြဲဆင်းလေးတွေ၊
ဘောက်ဆင်းလေးတွေကြတော့လည်း ကိုယ်က ကျွေးချင်သေးတယ်။ ဒီထက်တော့ ပိုမဆင်းရဲပါဘူးကွာဆိုပြီး
အလှူလို့သဘောထားပြီး ကျွေးတယ်။ ကိုယ်တတ်နိုင်တာ ဒါလောက်ပဲလေ။
ကျသွားတဲ့ တစ်အုပ်ကြီးထဲမှာ ကိုဖိုးသားကတော့ ကံအကောင်းဆုံးပဲဗျ။
ဗဟန်းတရားရုံးမှာ ကျွန်တော်၊ ကိုဖိုးသားအပါအ၀င် သုံးဦးစွဲဆိုခံရတယ်။ ကိုဖိုးသားလည်း
၅၀၅(ခ)အကပ်ခံရပါတယ်။ သို့ပေသော် ၅၀၅(ခ) မှာ ကိုဖိုးသားလွတ်သွားတယ်။ ပုဒ်မ(၁၉)အတွက်
တစ်လပဲ ခံရတယ်။ သို့ပေသော် ထောင်ထဲမှာ (၃)လနီးပါး နေသွားရတယ်။ ခံရသူဘက်က နစ်နာတာပေါ့ဗျာ။
ကိုဖိုးသားရှိနေတုန်းကဆိုရင် ကိုဖိုးသားက ပုတီးလေးတွေကို
ချီနဲ့အပေါ်ကနေ ထိုးတာပေါ့။ ဘညွန့်ဆီက သင်ပြီး သူလည်းအဲဒါလေးတွေ ထိုးတယ်။ ထမင်းစားခါနီးဆိုရင်
ကိုဖိုးသားက တို့စရာ တာဝန်ယူပြီး လုပ်ပေးတယ်။ တစ်ယောက်ထွက်သွားတော့လည်း ထောင်ထဲမှာ
ကျန်ခဲ့တဲ့သူကတော့ ဟာတာတာ ဖြစ်သွားတာပေါ့ဗျာ။ လွတ်သွားတဲ့သူကတော့ ဘယ်ပြောကောင်းမလဲ။
လှည့်တောင်မကြည့်တော့ဘူး။ (နောက်တာပါ)။ ညီလို အကိုလို နေကြတာပါပဲ။
တစ်တိုက်နဲ့ တစ်တိုက် ကျွန်တော်ကတော့ အသွားအလာနည်းတယ်။ (၂)ရှည်ဘက်က
လူတွေ၊ (၅)တိုက် ဘက်က လူတွေ လာကြပါတယ်။ ကိုအငယ်ကောင်တို့၊ ဘညွန့်တို့နဲ့ ရင်းနှီးကြတဲ့သူတွေပေါ့။
ဦးမြင့်ဆွေ ဆိုရင် သမ္မတကြီးလို့ ခေါ်ကြတယ်။ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ နာမည်တူတာကိုး။ သူက
(၄)ရှည် မှာ လာလာပြီး ခြင်းခတ်တယ်။ နောက်ပြီး (၅)တိုက်က ဘတင်ညွန့်ဆိုရင် တိုက်ထဲမှာ
အသက်အကြီးဆုံးပေါ့။ သားဖမ်းစက်လှေမှာ စက်ဆရာလုပ်ရင်း စက်ပေါ်မှာ မူးယစ်ဆေးတွေ တင်လာတာကို
မသိဘဲ အမှုတွဲထဲ ပါလာခဲ့ရတဲ့ အဘပါ။ အဘတင်ညွန့်ကိုတော့ ကြုံရင် ကြုံသလို မုန့်၊ ကော်ဖီ၊
ခေါက်ဆွဲထုတ်လေးတွေ ပေးပါတယ်။ သစ်သီးလေးတွေ ပါလာရင်လည်း အဘကို လူကြီးတစ်ယောက်အဖြစ်
ဂါရ၀ထားပြီး သွားပေးဖြစ်ပါတယ်။
နောက်တစ်ယောက်က ကိုစီဖူး ပေါ့။ သူက ကရင်ပါ။ သွားပုံလာပုံက
မိန်းကလေးလိုပဲ ကနွဲ့ကယပုံစံလေး။ ကိုအငယ်ကောင်ဆီ မကြာမကြာလာတယ်။ သူချက်တဲ့ ဟင်းလေးတွေ
လာပို့တယ်။ သူက ဆံပင်အရှည် ထားတယ်။ မိန်းမပုံလည်း ပေါက်တော့ သူ့ကို စီစီ လို့ စကြတယ်။
သူကတော့ စိတ်မဆိုးတတ်ပါဘူး။
ကျွန်တော် ထောင်ထဲရောက်ပြီးမှ ဆံပင်တစ်ခါပဲ ညှပ်တယ်။ ထောင်ထဲမှာ
ဆံပင်ညှပ်ပေးတာက အချုပ်ရုံးက လွှတ်တဲ့ ခေါင်းညှပ်ဆရာ လာရင်လာ။ မလာရင် (၂)ရှည်က ကိုဦး
ညှပ်ပေးတယ်။ ကိုဦးက ဆံပင်သိပ်ညှပ်တတ်သေးတာတော့ မဟုတ်ဘူး။ အပြောင်ထိုးပေးတာပဲ။ သူ့ကိုသွားပြီး
ဒေါ်နယ်ထရမ့်ကေ ညှပ်ပေးပါလို့ ခေါင်းစားခဲ့တယ်။ အဲဒီတစ်ခါပဲ ညှပ်ပြီး ဆံပင်အရှည် ပြန်ထားတယ်။
မြတ်ဘုန်းမိုရ်ကိုလည်း ဆံပင်အရှည်ထားခိုင်းတယ်။
(၄)ရှည်မှာ ရှိတဲ့ ၀မ်ဝေ့လုံဆိုတဲ့ တရုတ်လေးက ကိုတင်လင်းထိုက်ကို
အရမ်းခင်တယ်။ ကိုတင်လင်းထိုက် လှူရင် သူလိုက်လှူတယ်။ မြန်မာစကား မတတ်သေးပေမယ့် သူ့ကို
ဘာပြောသလဲဆိုတာ သိတယ်။ လူမှုရေးနားလည်ပါတယ်။ တရုတ်ဆိုတော့လည်း တရုတ်ပေါ့။ သူတို့အတွဲက
ဝမ်ဝေ့လုံအပါအ၀င် နောက်နှစ်ယောက်ရဲ့ နာမည်တွေတော့ မသိဘူး။ တစ်ယောက်ကိုတော့ တော်တော်ဝလို့
ဝတုတ်လို့ ခေါ်တယ်။ နောက်တစ်ယောက်ကိုတော့ အေးတယ် ဆိုပြီး မောင်အေးလို့ အမည်ပေးခဲ့ကြတယ်။
ခြင်းမခတ်တတ်ကြဘူး။ ကျွန်တော်တို့ခတ်ရင် မောင်အေးက ၀င်ခတ်တယ်။ သူက မခတ်တတ်တော့ တော်တော်တန်တန်လူက
မခတ်ချင်ဘူး။ သူ့ကို ခြင်းခတ်တတ်အောင်လည်း သင်ပေးခဲ့သေးတယ်။ ခြေခွင်၊ ခြေဖျားလောက်ပေါ့။
ကျွန်တော်နဲ့ မြတ်ဘုန်းမိုရ် ဆံပင်နည်းနည်းရှည်လာတော့ (၃)တိုက်က
ကိုစီဖူးကို စီစီ လို့ စနေကြတာကိုး။ အဲဒါ ၀မ်ဝေ့လုံက မြတ်ဘုန်းမိုရ်ကို ဒီဒီလို စတယ်။
ကျွန်တော့်ဘက်လှည့်လာပြီး ဘီဘီ လို့ စတယ်။ အဲဒီ တစ်ယောက်ကတော့ မျက်နှာလည်း ပြောင်တယ်။
ပျော်ပျော်နေတတ်တယ်။
(၄)ရှည်မှာ ကိုနဂါးလေးလည်း ရှိတယ်။ ဦးကိုလေး၊ ဦးနေလင်းတို့လည်း
ရှိနေသေးတယ်။ ဦးကိုလေး ကတော့ လူမိုက်များနဲ့ အကျွမ်းတ၀င်ရှိတယ်။ သူ့ကိုလည်း လေးစားကြပါတယ်။
သူကတော့ စာဖတ်လိုက် လမ်းလျှောက်ထွက်လိုက်။ တစ်ခါတလေ နိုင်ငံရေးအကြောင်းလေးတွေ ပြောလိုက်ပေါ့။
ဦးကိုလေးနဲ့ ဦးနေလင်းက ရှေ့ဆင့်နောက်ဆင့် ကျွန်တော်တို့မလွတ်ခင်ကတည်းက လွတ်သွားကြတယ်။
ထောင်ထဲမှာက ရန်ဖြစ်တယ်ဆိုရင် ပြစ်ဒဏ်တိုက်ပို့တယ်။ ဆေးမိတယ်ဆိုရင်
ပြစ်ဒဏ်တိုက်ပို့တယ်။ ပြစ်ဒဏ်တိုက်က တခြားနေရာတော့ မဟုတ်ပါဘူး။ (၄)ရှည်နဲ့ မျက်စောင်းထိုးမှာပါပဲ။
ဘုရားဝင်းနဲ့ ကပ်ရပ်ပေါ့။ အမြဲဆင်းလေးတွေ၊ ဘောက်ဆင်းလေးတွေလည်း အဲဒီတိုက်မှာပဲ နေကြရတာပါ။
ပြစ်ဒဏ်နဲ့ လာတဲ့သူကိုတော့ ခြေကျင်းခတ်၊ ဒေါက်တပ်ပြီး ထားပါတယ်ဗျာ။ ပြစ်ဒဏ်တစ်ခါဖြစ်ရင်
ခြေကျင်းခတ်၊ ဒေါက်တပ်ပြီး (၁၄)ရက် နေရပါတယ်။ ရန်ဖြစ်တဲ့သူ၊ ရုံးအပြန်မှာ မူးယစ်ဆေးဝါးမိ၊
ဆေးလိပ်မိတဲ့သူတွေ ပေါ့။
အမြဲဆင်းလေးတွေ လွတ်တော့မယ်ဆိုရင် ပြန်သွားရင် ၀တ်စရာမရှိလို့၊
လမ်းစရိတ်မရှိလို့ဆိုရင် အားလုံးက တတ်နိုင်သလောက် ထောက်ပေးကြပါတယ်။ ၀န်ထမ်းထဲက ကိုဝေယံဦးတို့၊
စောဆေးပွဲအား (ကရင်)၊ ကိုရန်မျိုးနိုင်တို့ဆိုရင်လည်း သူတို့ဆီ ဆရာလမ်းစရိတ်မရှိလို့
မုန့်ဖိုးပေးပါအုံးဆိုရင် ၃၀၀၀ တန်သည်၊ ၅၀၀၀ တန်သည် အမြဲဆင်းလေးတွေကို ပေးလိုက်ကြတာပါပဲ။
ဝန်ထမ်းတိုင်း မဆိုးဘူးဆိုတာတော့ အသိအမှတ်ပြုရပါမယ်။ ကျွန်တော်တို့နဲ့ ပြောဆို ဆက်ဆံကြရာမှာလည်း
ညီလိုအစ်ကိုလိုပါပဲ။ တချို့ဝန်ထမ်းတွေတော့လည်း ငေါက်ချင်၊ ဟောက်ချင် ဘီလူးရုပ်ဖမ်းထားကြတဲ့သူတွေလည်း
ရှိမှာပေါ့။
ထောင်ထဲမှာ ၀န်ထမ်းတွေ ဘာဆုံးရှုံးရသလဲဆိုရင် ကွမ်းအကြွေးရောင်းတာပေါ့။
ကလေးတွေက ဆရာ ဒီတစ်ပတ်ထောင်ဝင်စာလာရင် ပေးပါ့မယ်ဆိုတော့ သူတို့ကလည်း ပေးတယ်။ တစ်ပတ်မလာ၊
နှစ်ပတ် မလာ ကြာလာတော့ ၂သောင်း၊ ၃သောင်းတွေ ဖြစ်လာကြတယ်။ အဲဒီလိုလူတွေက ရုတ်တရက် လွတ်သွားတယ်။
မဟုတ်ရင်လည်း ထောင်ပြောင်း ပါသွားကြတယ်ဆိုရင် ထောင်ဝန်ထမ်းတွေမှာ ပိုက်ဆံဆုံးရပါတယ်။
ဘယ်ကိုမှလည်း လိုက်တောင်းလို့ မရပါဘူး။ အဲဒီလိုအဖြစ်မျိုးကလည်း ခဏခဏ ကြုံရပါတယ်။ မရှိတဲ့သူကို
လည်စိညှစ်တောင်းလို့ ရတဲ့ကိစ္စလည်း မဟုတ်ပါဘူး။
ထောင်ဝန်ထမ်းတွေရဲ့ သဘောကတော့ ပြဿနာမရှာနဲ့။ အေးဆေးပါပဲ။
ပြဿနာရှာတတ်တဲ့ နိုင်ငံရေးသမားတွေ ရှိနေပြီဆိုရင် သူတို့လည်း စိတ်ညစ်ရတာပဲ။ အလုပ်လည်း
ရှုပ်ပါတယ်။ အခြားအမှုနဲ့ ကျတဲ့ကောင်တွေ ပြဿနာရှာလို့တော့ ထောင်ဝန်ထမ်းက ဘယ်လက်ခံလိမ့်မလဲ။
တွယ်သင့်တဲ့သူ တွယ်တာပေါ့။ ထောင်ထဲမှာ ပြဿနာအရှာဆုံးကတော့ နိုင်ငံရေးသမားအမည်ခံတွေပေါ့။
တချို့ကိစ္စတွေမှာ သူတို့ထောက်ပြပြောဆို တာတွေ မှန်ကောင်းမှန်ပါတယ်။ အခွင့်အရေးတောင်းတာကြတော့
နိုင်ငံရေးသမားဆိုသူများဟာ သူများတွေမရတဲ့အခွင့်အရေးမျိုး သူတို့က လိုချင်တာ။ ထောင်မှူး၊
ထောင်ဝန်ထမ်းတွေက ပြဿနာမဖြစ် ရလေအောင်လို့ သူတို့အလိုကို လိုက်ပြီး ဆောင်ရွက်ပေးကြရပါတယ်။
နောင်တော်လေး
(ဘိုကလေး)
ထောင်မေတ္တာ အခန်း (၈)
ထောင်မေတ္တာ
အခန်း (၈)
(၄)ရှည်တိုက်မှာ နေရစဉ်က
***************************
ထောင်ထဲစရောက်သွားကတည်းက (၄)ရှည် တိုက် အခန်း(၂)မှာ နေကြရပါတယ်။
(၁)ခန်းမှာ ဘညွန့် ရှိတယ်။ ဘညွန့်(ခ) ဦးညွှန့်ဝင်း တို့လို နှစ်ကြီးအကျဉ်းသားတွေက သိုးမွှေးပုဝါလေးတွေ
ထိုးတယ်။ တချို့က funcy ကော်သီးလေးတွေနဲ့ ပိုက်ဆံအိတ်လေးတွေ ထိုးတယ်။ အုံးမှုတ်ခွက်
လက်မှုပညာသည် တွေလည်း ရှိတယ်။ နှစ်ကြီးအကျဉ်းသားတွေ မိသားစုကလည်း လာမတွေ့နိုင်ကြတော့ဘူး။
သူတို့ ရှာလို့ရနိုင်တဲ့ နည်းလမ်းနဲ့ ငွေရှာကြရတယ်။
အချုပ်သား အသစ်ရောက်လာပြီဆိုတော့ သူ့တို့လက်ဖြစ်လေးတွေ အားပေးလို့ရတာပေါ့။
ကျွန်တော်တို့ အဖွဲ့ထဲက လူတွေကလည်း သိုးမွှေးသဘက်တွေ၊ အုံးမှုတ်ခွက် လက်မှုပစ္စည်းလေးတွေ၊
funcy ပိုက်ဆံ အိတ်လေးတွေကို အားပေးကြပါတယ်။ ရုံးထွက်တိုင်း ယူလာလို့ ရတယ်။ အဲဒီပစ္စည်းလေးတွေအတွက်
ထောင်က တင်းကြပ်တာမရှိဘူး။
ဘညွန့်၊ စောမောထ တို့က သိုးမွှေးသဘက်ထိုးတာများတယ်။ အရင်ကဆိုရင်တော့
အဲဒီ လက်ဖြစ်လေးတွေ အရောင်းသွက်တယ်။ ဈေးလည်း ရတယ်။ အဆောင်ဘက်က အသိတွေဆီပို့ပြီး ရောင်းကြတယ်လို့
ပြောတယ်။ ဆေးရုံဘက်လည်း သွားရောင်းလို့ ရတယ်။ သူတို့ ကွမ်းဖိုးလောက်တော့ အဆင်ပြေတာပေါ့။
အမြဲတမ်း ရောင်းလို့ရတာမဟုတ်တော့လည်း စီးပွားဖြစ်ရယ်လို့ ပြောမရပါဘူး။
ဘညွှန့်က သိုးမွှေးနဲ့ လက်ပတ်ထိုးတာလေးတွေ သင်ချင်တဲ့ ကလေးတွေကို
သင်ပေးတယ်။ အမြဲဆင်း၊ ဘောက်ဆင်းဆိုတာ ရှိတာ ရှိတယ်။ အမြဲဆင်း ဆိုတာကတော့ တစ်တိုက်ဆီမှာ
ထမင်းပို့၊ ရေနွေးပို့ပေး လုပ်ရတဲ့ ကလေးတွေပါ။ စစ်ပြေးနဲ့ ကျနေသူတွေပါသလို အခြားသော
လက်နက်ကိုင်ဆောင်မှု၊ မှောင်ရိပ်ခိုမှု၊ လုယက်မှု၊ ခိုးမှုနဲ့ ကျတဲ့ သူတွေကို ခိုင်းပါတယ်။
(၆)လ၊ (၉)လ၊ တစ်နှစ်ကျ နေသူတွေပေါ့။
ကျွန်တော်တို့ စရောက်ချိန် (၄)ရှည်မှာ ရခိုင်လေးတစ်ယောက်က
အမြဲဆင်းလုပ်တယ်။ အလုပ်လည်း လုပ်ပါတယ်။ သူ့တာဝန် သူကျေအောင်တော့လုပ်တယ်။ လုပ်ပေမယ့်လည်း
တချို့နှစ်ကြီးကျအကျဉ်း သားတွေက ငေါက်တာ ငမ်းတာတော့ ရှိပါတယ်။ အဲဒီလို ငေါက်လားငမ်းလားဆိုရင်လည်း
ကလေးတွေမှာ ခံရပါတယ်။ စိတ်တော့မကောင်းဘူး။ တချို့ကိစ္စတွေတော့ ၀င်မပြောပါဘူး။ ပြဿနာမကြီးလောက်တဲ့
ဟာမျိုး သူ့လည်းဖျောင်းဖျ အမြဲဆင်းလေးတွေကိုလည်း သတိပေးရုံလောက်ပါပဲ။
စစ်ပြေးမှုနဲ့ကျပြီး (၄)တိုမှာ အမြဲဆင်းလုပ်နေတဲ့ တစ်ယောက်ကတော့
ဘိုကလေးသား လို့ ပြောလို့ ကိုယ့်နယ်သားဆိုတော့လည်း တတ်နိုင်သလောက်လေး ကော်ဖီ၊ မုန့်၊
အ၀တ်အစားလေးတွေ ပေးပါတယ်။ သူ့ကိုမှပေးတာတော့ မဟုတ်ပါဘူး။ အခြား အမြဲဆင်းလေးတွေ၊ ဘောက်ဆင်းလေးတွေ
ကိုယ်နဲ့ ရင်းနှီးလာပြီဆိုရင် တတ်နိုင်သလောက်တော့ ပေးရတာပါပဲ။
ဘောက်ဆင်းထဲက မအူပင်သား မြွေပွေးဆိုတဲ့ ကောင်လေး ပြောတာလည်း
မှတ်မှတ်ရရပါပဲ။ သူ့ညီမတွေ ရှိရာ တောင်ငူကနေ ပြန်လာသတဲ့။ လမ်းမှာ ဓားတွေ ရောင်းတာတွေ့တော့
ငှက်ကြီးတောင်ဓားတစ်ချောင်း ၀ယ်ပြီး စလွယ်သိုင်း ပြန်လာသတဲ့။ လှိုင်သာယာ အောင်မင်္ဂလာအဝေးပြေး
ထမင်းဆိုင်မှာ ဓားလွယ်ပြီး ထမင်းစားနေတုန်း ဘယ်သူက လက်တို့လိုက်လဲ မသိပါဘူး။ လက်နက်ကိုင်ဆောင်မှုနဲ့
ရဲကဖမ်းပြီး ထောင်ထဲပို့လိုက်တာ။ မိသားစုဆိုလို့လဲ ညီမတစ်ယောက်ပဲ ရှိတော့တယ်တဲ့။ ဘယ်မိသားစုဝင်ကမှလည်း
လာမတွေ့ဘူး။ ဘာအလုပ် လုပ်လဲဆိုတော့ တံငါလုပ်တယ်။ ငါးရှာ ဖားရှာပေါ့။
သူက ဘာပြောလဲဆိုတော့ “အဆောင်ဘက်မှာ နေရတာကိုကြီးရာ လမ်းဘေးက
ခွေးကမှ လိုက်ရှာရင် ထမင်းသိုး ဟင်းသိုးလေး ရနိုင်သေးတယ်။ ဘာမှ စားစရာမရှိဘူး” တဲ့။
တိုက်ထဲရောက်လာတော့ ကော်ဖီတိုက်တဲ့သူနဲ့ ဟင်းလေးပေးကျွေးတဲ့သူနဲ့ နည်းနည်းအဆင်ပြေတယ်ပေါ့ဗျာ။
သူက လှိုင်သာယာက ဘုရားဝင်းဘုတ်ကိုင် လုပ်သွားတဲ့ ကိုဝတုတ်နဲ့ တွဲဘော။ ကိုဝတုတ်က ရှာလို့ရတာလေး
သူ့ပေးကျွေးတယ်။
ရခိုင်လေး လွတ်သွားတော့ အမြဲဆင်းပြောင်းတယ်။ နာမည်တော့ မမှတ်မိတော့ပါဘူး။
ကောင်လေးက စာမတတ်ဘူး။ တိုက်ထဲကလူတွေ ဈေးဝယ်မှာရင် စနေတစ်ပတ် တစ်ခါ မှာလို့ရတယ်။ ထောင်မှာ
ပိုက်ဆံ ထည့်ထားရတာပေါ့။ ကောင်လေးက (၄)တိုက်ဆိုတော့ (၄)တိုက်ကို ပို့ရမယ့် ပစ္စည်းဆိုပြီး
ယူလာတယ်။ ဘယ်သူ့ကို ဘာပေးရမလဲ သူမသိဘူး။ သာကောကြီးက အဲဒါတွေကို တာဝန်ခံပြီး ခွဲခြမ်းရေး
လုပ်ပေးရတယ်။
သူလွတ်သွားပြန်တော့ ၀ဲကျော်ဆိုတဲ့ လှည်းကူးက ကောင်လေးတစ်ယောက်။
ပြည့်စုံလို့ ခေါ်တယ်။ သူထောင်ထဲရောက်မှ ၀ဲတွေပေါက်တယ်။ ကိုယ်တွေကတော့ တတ်နိုင်တဲ့ ဆေးလေးတွေ
ပေးပါတယ်။ သူ့လည်း အိမ်က လာမတွေ့နိုင်ဘူး။ ဆိုင်ကယ် ကယ်ရီမောင်းတယ်။ ဆိုင်ကယ်ထဲမှာ
ဓားထည့်ထားတာ ဘယ်သူက လက်တို့လိုက်သလဲ မသိရဘူး။ လက်နက်ကိုင်ဆောင်မှုနဲ့ ကျရတာပဲ။ သူ့ကိုအမြဲဆင်း
ခိုင်းမယ်ဆိုတော့ ၀ဲတွေပေါက်နေလို့ တချို့က ရွံကြတယ်။ အဲဒါနဲ့ သူ့အစား တခြားလူထည့်လိုက်ကြတယ်။
သူကတော့ ကိုအငယ်ကောင်ဆီ အမြဲလာတယ်။ ကိုငယ်အကောင်က အ၀တ်းလေး ဘာလေး လျှော်ခိုင်းတယ်။
စားစရာလေး၊ ကော်ဖီလေးပေးတယ်။
ဘိုကလေးက စစ်ပြေးလေးလည်း အဲဒီလိုပါပဲ။ ဟိုလူ့အ၀တ်လိုက်လျှော်ပေး၊
(၅၀၀) (၁၀၀၀)ရ၊ ကွမ်းဖိုးလေး၊ ကော်ဖီဖိုးလေး ရတာပေါ့။ မိသားစုအဆင်မပြေတဲ့ အကျဉ်းသားတွေမှာ
ထောင်ထဲမှာ အဲဒီလိုနည်းနဲ့ ထောင်ထဲက နေ့စွဲတွေကို ဖြတ်သန်းကြရပါတယ်။
သူတို့လိုအပ်နေလို့ ကိုယ့်မှာ ရှိရင်တော့ ပေးလိုက်၊ ကျွေးလိုက်
တာပါပဲ။ ဘာပေးလို့ ဘာလုပ်ပေးရမယ် ဆိုပြီး မခိုင်းပါဘူး။
နေ့စဉ်ဘယ်လို ဖြတ်သန်းလဲ ဆိုရင်တော့ ပုံမှန် ဘုရားရှစ်ခိုးဖြစ်တယ်။
မနက်ဆို ခြင်းခတ်၊ အ၀တ်လျှော်ပြီး ရေးချိုးကြ။ ထမင်းစားချိန်နီးရင် သတင်းစာမျှော်ပြီးဖတ်ကြ။
အပြင်ကသတင်းတွေ လက်မလွတ်ပါဘူး။ Eleven မီဒီယာက ရေးသားဖော်ပြတဲ့ အကြမ်းဖက်ဘင်္ဂလီတွေ သတင်း
စုထားတာ ကျွန်တော့်မှာ တစ်ထပ်ကြီး ပါလာပါတယ်။ နေ့လယ် (၁၂း၀၀)နာရီဆိုရင် အခန်းထဲ ပြန်ပိတ်ထားတယ်။
စာဖတ်ပြီး တရေးတမောအိပ်ကြတာပေါ့။ (၂း၀၀)နာရီ ပြန်ဖွင့်ရင် ဟိုးနားစုစု၊ ဒီနားစုစု စကားပြောကြ။
သတင်းတွေ အပေါ် ဝေဖန်ကြ။ ၃နာရီလောက်ဆို ခြင်းခတ်ကြပြန်ပြီ။ မချိအောင်လို့ လှုပ်လှုပ်ရှားရှား
နေကြရတာလေ။
ညနေ(၅း၃၀)ဆိုရင် တန်းပိတ်ပြီပေါ့ဗျာ။ တန်းပိတ်ပြီးရင် ထောင်မှူးနဲ့
ထောင်ဝန်ထမ်းတွေ လှည့်ပြီး လူစစ်တယ်။ ဘာကို ပြန်အမှတ်ရလဲဆိုတော့ ရွာမှာ ဘဲတွေမွေး၊
ဘဲတွေ ခြံထဲပြန်သွင်းပြီဆိုရင် တပြူး၊ နှစ်ပြူး အကောင်ရေစစ်ရတာ။ အခုလည်း ငါတို့ဘ၀ဟာ
ဒီလိုဖြစ်နေပါပေါ့လားပေါ့။
ထောင်ဝန်ထမ်းတွေရဲ့ တာဝန်ကလည်း လူလျော့လို့မရဘူးလေ။ လူလျော့၊
လူပျောက် ဆိုရင် သူတို့ အလုပ်ရှုပ်ပြီ။ ဖြစ်လေ့ဖြစ်ထတော့ နည်းပါတယ်။ အဲဒီလို လူလျော့၊
လူပျောက် ဖြစ်ဖူးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
နောင်တော်လေး (ဘိုကလေး)
ထောင်မေတ္တာ အခန်း (၇)
ထောင်မေတ္တာ
အခန်း (၇)
ရုံးထွက်ရက်များ
***************************
အစောပိုင်းရုံးထွက်ရက်တွေ ကမာရွတ်တရားရုံးမှာ ဘီလူဆိုင်းတီးရတာကို
ပြောခဲ့ပြီးပါပြီ။ ကမာရွတ် ရုံးထွက်က လူချောင်ချောင်ချိချိ ထွက်ရပါတယ်။ ကျွန်တော်တို့
ရုံးထုတ်တဲ့ ရက်ဆိုရင် တရားသူကြီးက တခြားသူတွေကို ရုံးချိန်ခေါ်မထားပါဘူး။ လှိုင်နဲ့
တွဲထွက်ရတာဖြစ်လို့ ထောင်ကနေ တရားရုံးအလာမှာတော့ လူနည်းနည်းကြပ်ပါတယ်။ အပြန်တော့ (၄)ယောက်တည်း
ပြန်ရပါတယ်။ ကျွန်တော်တို့ကလည်း တရားရုံးမှာ ကြာကြာမနေချင်။ ရောက်ပြီး မြန်မြန်စစ်၊
ထမင်းစားပြီးတာနဲ့ ပြန်ပို့ခိုင်းပါတယ်။
ဗဟန်းတရားရုံး ရုံးထွက်ကတော့ အတော်စိတ်ညစ်ဖို့ ကောင်းပါတယ်။
လူ(၄၀) (၅၀) ပြွတ်သိပ်ပြီး လိုက်ရတာပါ။ တရားသူကြီးကိုရော ရဲကိုရော အဲဒီလို ရုံးမထွက်နိုင်ကြောင်း
ပြောပါတယ်။ ပြောရခြင်း အကြောင်းက ဗဟန်းတစ်ရုံးတည်းမဟုတ်ဘဲ ဗဟန်း၊ လသာ၊ ဒဂုံ (၃)ရုံးတွဲပြီး
လှည့်ပတ် ပို့တာပါ။ အပြန်ဆိုလည်း အတော်မိုးချုပ်မှ ရောက်ပါတယ်။
ရဲတွေဟာ သူတို့ကြောက်ရတဲ့သူမဟုတ်ရင် မစဉ်းစားပေးပါဘူး။ ဗဟန်းရုံးထွက်မှာ
မူးယစ်ဆေးသမားတွေ များပါတယ်။ ဖြူဖြူသန့်သန့် ညီလေးတွေလည်း ဆေးမှုနဲ့ ထောင်ထဲ ရောက်နေတာ
မြင်ရတော့ စိတ်မကောင်းပါဘူး။ နောက်ပြီး ဆေးမှုနဲ့ပဲ အချုပ်ခံထားတဲ့ အခြောက်တွေလည်းပါတယ်။
ဆိုးတာကဘာလဲဆိုတော့ ရုံးထွက်တဲ့အခါ ကားပေါ်မှာ ဆေးလိပ်သောက်တာလောက်ကို
ပြဿနာ လုပ်မပြောဘူး။ ဗဟန်းရုံးထွက်ကားပေါ်မှာ ဆေးပြားတွေ ပါတယ်။ မူးယစ်ဆေးကြောင်း အချုပ်ခံထားရတဲ့
ကလေးတွေ အချုပ်ကားပေါ်မှာ ဆေးချကြတယ်။ ကိုယ်တွေက မမြင်ချင်ယောင် ဆောင်နေလို့ ရတာလည်း
မဟုတ်ဘူး။ အချုပ်ကားပေါ်မှာ ရဲ နှစ်ယောက်၊ သုံးယောက်ပါတယ်။ မမြင်ချင်ယောင်ဆောင်ပြီး
နေပေးကြတယ်။ ပိုဆိုးတာက အဲဒီအချုပ်ကားပေါ်မှာ ဆေးချဖို့ ခဲပြား၊ မီးခြစ်ပါလာတယ်။ ဒါကို
ဘယ်သူတွေက စီစဉ်ပေးတာလဲ။ ရဲတွေပါ။ အားလုံးကို သိမ်းကြုံးပြောလိုခြင်းမဟုတ်ပါ။ ဒီကားပေါ်မှာ
တာဝန်ကျတဲ့ ရဲတွေဟာ ကလေးတွေ ပျက်စီးဆေးမယ့် ဆေးဝါးကို ဖန်တီးပေးပြီး ကိုယ်ကျိုးရှာနေကြ
တယ်။ အဲဒီရုံးထုတ်မှာ ထွက်လာတဲ့ အခြောက်တွေကလည်း ဆေးတွေ သူတို့နည်း သူတို့ဟန်နဲ့ ယူလာကြပါတယ်။
ကားပေါ်မှာ သုံးကြတယ်။ တချို့လည်း ထောင်ထဲထိ ရောက်အောင် သယ်သွားကြတယ်။ သယ်ပုံသယ်နည်းတွေကတော့
မျိုးစုံရှိပါတယ်။ ထောင်အတွေ့အကြုံ ရှိသူတိုင်းလည်း သိပါတယ်။
WY ဆေးပြားဈေးက
တစ်လုံး (၅၀၀၀) ကနေ (၃)လုံးကို (၂၀၀၀၀) အထိ ဈေးပေါက်ပါတယ်။ ပစ္စည်းရှားရင် ရှားသလို
ဈေးတင်ရောင်းကြတာပေါ့။
ထောင်ထဲမှာ နေ့စဉ်သတင်းစာတွေ မှာယူ ဖတ်ရှုလို့ရပါတယ်။ မှာဖတ်ကြပါတယ်။
ထောင်ထဲရောက်ပြီး ၃လလောက်အကြာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ဥပဒေပြင်မယ်ဆိုတော့ သုံးစွဲသူတွေကို
လူမှုရေး ပစ်ဒဏ်လောက်သာ ချမယ်။ ရောင်းချသူတွေကိုသာ အဓိကအရေးယူမယ်ဆိုတဲ့ အစိုးရရဲ့ ပေါ်လစီ
ထွက်ပေါ်လာခဲ့ပါတယ်။ သုံးစွဲခြင်းကြောင့် ကျခံနေရတဲ့ ညီငယ်တွေက အဲဒါလေးကို မျှော်လင့်ချက်
ထားကြတယ်။ ဥပဒေပြင်ဆင်ရေးက တော်တော်နဲ့ မလုပ်တော့ မျှော်သူမောရပါတယ်။
အခြားသတင်းတစ်ခုမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ထောင်ထဲကထွက်နေတဲ့
ပုံစံမျိုး ပြောတာကို တွေ့ရတယ်။ ဒါကတော့ တစ်ဖက်သတ် အပြစ်ရှာခြင်းပဲ။ ထောင်ထဲမှာ ဘယ်နေရာကနေ
ကုန်ကြမ်းရှာပြီး ဆေးထုတ်မလဲ။ အဓိက ကျတာက ရဲပါ။ အထဲရောက်နေတဲ့ မူးယစ်ဆေးဝါး ရောင်းချသူ၊
သုံးစွဲသူ အားလုံးဟာ ရုံးထွက်ကနေ သယ်လာကြတာပါ။ ထောင်က ကြပ်မက်စစ်ဆေး ရှာဖွေတာ မလုပ်ဖူးလားလို့
မေးရင် ကျွန်တော်တို့ကတော့ သူတို့စစ်တာကို မခံနိုင်လို့ သီးခြားစစ်ခိုင်းရပါတယ်။
ရုံးပြန်မှာ အားလုံးကို စစ်ဆေးပါတယ်။ ပါးစပ်ဟ၊ ပုဆိုးဖြန့်ခါ၊
အင်္ကျီအိပ်ကပ်တွေပါ တစ်ခုမကျန် ရှာပါတယ်။ သို့ပေသော် ရုံးထွက် မူးယစ်ဆေးသမားများဟာ
ဒီလိုစစ်ဆေးခြင်းကို နောကျေနေပြီ။ ဖင်စအိုထဲ ထည့် သယ်လာတယ်။ ထောင်ထဲရောက်မှ ၀မ်းနှုတ်ဆေးသောက်ပြီး
ထုတ်တယ်။ မျိုချပြီး သယ်လာတယ်။ ထောင်ထဲရောက်မှ အန်ထုတ်တယ်။ အဲဒါတွေပါ။
ထောင်ဝန်ထမ်းတွေက မသင်္ကာတဲ့သူကို ၀မ်းသွားခိုင်းတာမျိုး၊ အန်ခိုင်းတာမျိုးအထိ
လုပ်ကြပါတယ်။ အဲဒီလိုတွေ လုပ်တော့လည်း လူ့အခွင့်အရေးချိုးဖောက်သလို ဖြစ်ပါတယ်။ ဖြစ်သင့်တာက
စက်နဲ့ စစ်ဆေးသင့်ပါတယ်။ စက်ကို တစ်ယောက်ချင်း ဖြတ်ခိုင်းပြီး အသံထွက်တာနဲ့ အဲဒီလူကို
သီးခြား စစ်မယ်ဆိုရင် အစစ်ခံရတဲ့သူလည်း သက်သောင့် သက်သာဖြစ်မယ်။ အမှုမှန်လည်း ပေါ်ပေါက်မယ်။
အဲဒီလို အဆင့်မြှင့်တင်တာမျိုး မလုပ်ဘဲနဲ့ ဒီလိုအခြေအနေတိုင်း ထားလို့ကတော့ ထောင်ကျလို့
မူးယစ်ဆေးပြတ်သွားတာမျိုးလည်း ရှိမှာ မဟုတ်ပါဘူး။
ထောင်ဝန်ထမ်းတွေ စစ်ဆေးဆောင်ရွက်ရတာလည်း မလွယ်ပါဘူး။ အမျိုးသမီးများကို
မတော်မလျော်တဲ့ နေရာတွေ နှိုက်ပြီး စစ်ဆေးပြန်တော့လည်း တစ်ဖက်သားရဲ့ ကာအိနြေ္ဒကို နှောက်ယှက်ရာ
ကျပါတယ်။ ထောင်နဲ့ ပတ်သက်ပြီး နိုင်ငံတကာစံနှုန်းတွေနဲ့ ညီညွတ်အောင်၊ လူ့အခွင့်အရေးနဲ့အညီ
စောင့်ရှောက်ထားနိုင်အောင် ဆိုရင်တော့ ထောင်အတွက် လိုအပ်တဲ့ ဘဏ္ဍာငွေကို တိုးမြှင့်သုံးစွဲမှ
ရပါလိမ့်မယ်။ ထောင်ပိုင်ကြီးနိုင်ငံတကာထောင်တွေကို သွားရောက်လေ့လာတယ်လို့ သတင်းကြားလိုက်ပါတယ်။
တချို့ဝန်ထမ်းလေးတွေ ညီလိုအကိုလို ခင်မင်နေတော့ ညမှုညတာ မအိပ်ခင်လေး စကားပြောဖြစ်ကြတယ်။
ထောင်ပိုင်ကြီး နိုင်ငံတကာထောင်တွေကို သွားရောက်လေ့လာတဲ့ အကြောင်း ၀န်ထမ်းတွေကို ပြန်ပြောပြသတဲ့။
ဒိန်းမတ်နိုင်ငံက ထောင်တွေမှာဆိုရင် အကျဉ်းသားတစ်ယောက် တစ်နေ့ရပိုင်ခွင့်အတွက် သူ့တို့ရဲ့
credit card ထဲ ထည့်ပေးထားတယ်။ ထောင်ထဲမှာ ရှိတဲ့ ဈေးဆိုင် ( Super market ) မှာ ကြိုက်တာဝယ်စား။
တစ်နေ့စာ တစ်နပ်တည်း စားစား၊ ချန်ထားရင်လည်း ထောင်ကလွတ်ရင် ယူသွားလို့ ရသတဲ့။ နောက်ပြီးတော့
အကျဉ်းသားတစ်ယောက်ကို ၀န်ထမ်းတစ်ယောက်နှုန်းလောက် ထားပြီး ထိန်းကျောင်းတဲ့ ထောင်တွေလည်း
ရှိတယ်လို့ သိရတယ်။
အစိုးရသစ်လက်ထက် တရားဥပဒေစိုးမိုးရေးအကြောင်းပြပြီး ဖမ်းဆီးလိုက်တာ
လူ (၆၀၀၀)ဆန့် အင်းစိန်ထောင်ဟာ ၁၂၀၀၀ ကျော်အထိ ဖြစ်နေတယ်။ တိုက်ဘက်မှာတော့ တစ်ယောက်တစ်ခန်း
(သို့မဟုတ်) သုံးယောက်တစ်ခန်းထားတာပါ။ နှစ်ကြီးကျ အကျဉ်းသား၊ သေဒဏ်နှင့် နိုင်ငံရေးသမားတွေပါ။
အခြားသော သူတွေကို အဆောင်ဘက်မှာ ထားတာပါ။ အဆောင်တွေမှာ လူဘယ်လောက်အထိ ကြပ်နေလဲဆိုရင်
ညအိပ်တဲ့အခါ တစ်ကိုယ်စာရပြီးရင် ဟိုဘက်ဒီဘက် လှိမ့်လို့တောင် မရပါဘူး။ အတော်ကို ကြပ်တည်းနေတဲ့အခြေအနေပါ။
ညနေဘက်ဆို ယာယီအိပ်ဆိုပြီး ဆေးရုံ လွတ်နေတဲ့နေရာတွေ၊ တိုက်ထဲက လွတ်နေတဲ့အခန်းတွေမှာ
အိပ်ဖို့ အထုပ်လေးတွေ ကိုယ်စီဆွဲပြီး သွားကြရပါတယ်။ အဲဒီလို နေ့စဉ် အိပ်နေရပါတယ်။
တချို့ကလေးတွေဆို နောက်နောက်ပြောင်ပြောင်နဲ့ ဘာပြောကြသလဲဆိုရင်
အပြင်မှာ နေစရာမရှိလို့ ကျူးကျော်မှာ နေရတယ်။ ထောင်ထဲရောက်လာတော့လည်း နေရာမရဘူးတဲ့။
တရားဥပဒေက တကယ် စိုးမိုးလား မစိုးမိုးလားတော့ မသိဘူး။ ရဲကဖမ်း တရားသူကြီးက ထောင်ချ။
ပြစ်မှုပြစ်ဒဏ် မမျှတာတွေ၊ ငွေမလိုက်နိုင်လို့ ဘာမဟုတ်တဲ့ ပြစ်မှုလေးကို ပုံကြီးချဲ့ပြီး
ထောင်ထဲထည့်ထားတာတွေ အများကြီးပါ။ တရားရုံးတွေကို ရှောင်တခင် ၀င်စစ်ဆေးရင် ပေါ်ပေါက်မှာပါ။
တရားရုံးတွေမှာ ရဲနဲ့ ပေါင်းပြီး သက်သေလိုက်စားနေသူတွေ ရှိတယ်။ သက်သေအတွက် အမှုသည်က
ပေးရတယ်၊ ရဲအတွက် အမှုသည်က ပေးရတယ်။ နောက်ဆုံးတော့ ကိုယ်လိုချင်တဲ့ အမိန့်ဖြစ်ဖို့ သစ္စာတရားကို
ကိုယ်စားပြုပါတယ် ဆိုတဲ့ အနက်ရောင် ကုတ်ဝတ်ထားတဲ့ တရားသူကြီးများကိုလည်း အမှုသည်များက
ပေးရပါတယ်။ ဘယ်မလဲ တရားဥပဒေစိုးမိုးရေး။ တချို့အမှုတွေ တရားလိုက ကျေအေးပေးတာတောင် ရဲက
ငွေမရရင် အမှုပိတ်မပေးဘူး။
ပြည်သူတွေ ခံဖက်ဖြစ်နေတဲ့ တရားဥပဒေစိုးမိုးရေးကြီးကိုတော့
ကြောက်ပါတယ်။ ဥပဒေအရာမှာ တစ်ဖက် စောင်းနင်းလုပ်နေတာကြတာတွေ ရပ်တန်းက ရပ်မှ ထောင်ထဲမှာ
လူလျော့ပါလိမ့်မယ်တဲ့ဗျာ။
နောင်တော်လေး (ဘိုကလေး)














































