Posted by : Unknown Saturday, July 28, 2018


ထောင်မေတ္တာ
အခန်း (၈)
(၄)ရှည်တိုက်မှာ နေရစဉ်က
***************************
ထောင်ထဲစရောက်သွားကတည်းက (၄)ရှည် တိုက် အခန်း(၂)မှာ နေကြရပါတယ်။ (၁)ခန်းမှာ ဘညွန့် ရှိတယ်။ ဘညွန့်(ခ) ဦးညွှန့်ဝင်း တို့လို နှစ်ကြီးအကျဉ်းသားတွေက သိုးမွှေးပုဝါလေးတွေ ထိုးတယ်။ တချို့က funcy ကော်သီးလေးတွေနဲ့ ပိုက်ဆံအိတ်လေးတွေ ထိုးတယ်။ အုံးမှုတ်ခွက် လက်မှုပညာသည် တွေလည်း ရှိတယ်။ နှစ်ကြီးအကျဉ်းသားတွေ မိသားစုကလည်း လာမတွေ့နိုင်ကြတော့ဘူး။ သူတို့ ရှာလို့ရနိုင်တဲ့ နည်းလမ်းနဲ့ ငွေရှာကြရတယ်။
အချုပ်သား အသစ်ရောက်လာပြီဆိုတော့ သူ့တို့လက်ဖြစ်လေးတွေ အားပေးလို့ရတာပေါ့။ ကျွန်တော်တို့ အဖွဲ့ထဲက လူတွေကလည်း သိုးမွှေးသဘက်တွေ၊ အုံးမှုတ်ခွက် လက်မှုပစ္စည်းလေးတွေ၊ funcy ပိုက်ဆံ အိတ်လေးတွေကို အားပေးကြပါတယ်။ ရုံးထွက်တိုင်း ယူလာလို့ ရတယ်။ အဲဒီပစ္စည်းလေးတွေအတွက် ထောင်က တင်းကြပ်တာမရှိဘူး။
ဘညွန့်၊ စောမောထ တို့က သိုးမွှေးသဘက်ထိုးတာများတယ်။ အရင်ကဆိုရင်တော့ အဲဒီ လက်ဖြစ်လေးတွေ အရောင်းသွက်တယ်။ ဈေးလည်း ရတယ်။ အဆောင်ဘက်က အသိတွေဆီပို့ပြီး ရောင်းကြတယ်လို့ ပြောတယ်။ ဆေးရုံဘက်လည်း သွားရောင်းလို့ ရတယ်။ သူတို့ ကွမ်းဖိုးလောက်တော့ အဆင်ပြေတာပေါ့။ အမြဲတမ်း ရောင်းလို့ရတာမဟုတ်တော့လည်း စီးပွားဖြစ်ရယ်လို့ ပြောမရပါဘူး။
ဘညွှန့်က သိုးမွှေးနဲ့ လက်ပတ်ထိုးတာလေးတွေ သင်ချင်တဲ့ ကလေးတွေကို သင်ပေးတယ်။ အမြဲဆင်း၊ ဘောက်ဆင်းဆိုတာ ရှိတာ ရှိတယ်။ အမြဲဆင်း ဆိုတာကတော့ တစ်တိုက်ဆီမှာ ထမင်းပို့၊ ရေနွေးပို့ပေး လုပ်ရတဲ့ ကလေးတွေပါ။ စစ်ပြေးနဲ့ ကျနေသူတွေပါသလို အခြားသော လက်နက်ကိုင်ဆောင်မှု၊ မှောင်ရိပ်ခိုမှု၊ လုယက်မှု၊ ခိုးမှုနဲ့ ကျတဲ့ သူတွေကို ခိုင်းပါတယ်။ (၆)လ၊ (၉)လ၊ တစ်နှစ်ကျ နေသူတွေပေါ့။
ကျွန်တော်တို့ စရောက်ချိန် (၄)ရှည်မှာ ရခိုင်လေးတစ်ယောက်က အမြဲဆင်းလုပ်တယ်။ အလုပ်လည်း လုပ်ပါတယ်။ သူ့တာဝန် သူကျေအောင်တော့လုပ်တယ်။ လုပ်ပေမယ့်လည်း တချို့နှစ်ကြီးကျအကျဉ်း သားတွေက ငေါက်တာ ငမ်းတာတော့ ရှိပါတယ်။ အဲဒီလို ငေါက်လားငမ်းလားဆိုရင်လည်း ကလေးတွေမှာ ခံရပါတယ်။ စိတ်တော့မကောင်းဘူး။ တချို့ကိစ္စတွေတော့ ၀င်မပြောပါဘူး။ ပြဿနာမကြီးလောက်တဲ့ ဟာမျိုး သူ့လည်းဖျောင်းဖျ အမြဲဆင်းလေးတွေကိုလည်း သတိပေးရုံလောက်ပါပဲ။
စစ်ပြေးမှုနဲ့ကျပြီး (၄)တိုမှာ အမြဲဆင်းလုပ်နေတဲ့ တစ်ယောက်ကတော့ ဘိုကလေးသား လို့ ပြောလို့ ကိုယ့်နယ်သားဆိုတော့လည်း တတ်နိုင်သလောက်လေး ကော်ဖီ၊ မုန့်၊ အ၀တ်အစားလေးတွေ ပေးပါတယ်။ သူ့ကိုမှပေးတာတော့ မဟုတ်ပါဘူး။ အခြား အမြဲဆင်းလေးတွေ၊ ဘောက်ဆင်းလေးတွေ ကိုယ်နဲ့ ရင်းနှီးလာပြီဆိုရင် တတ်နိုင်သလောက်တော့ ပေးရတာပါပဲ။
ဘောက်ဆင်းထဲက မအူပင်သား မြွေပွေးဆိုတဲ့ ကောင်လေး ပြောတာလည်း မှတ်မှတ်ရရပါပဲ။ သူ့ညီမတွေ ရှိရာ တောင်ငူကနေ ပြန်လာသတဲ့။ လမ်းမှာ ဓားတွေ ရောင်းတာတွေ့တော့ ငှက်ကြီးတောင်ဓားတစ်ချောင်း ၀ယ်ပြီး စလွယ်သိုင်း ပြန်လာသတဲ့။ လှိုင်သာယာ အောင်မင်္ဂလာအဝေးပြေး ထမင်းဆိုင်မှာ ဓားလွယ်ပြီး ထမင်းစားနေတုန်း ဘယ်သူက လက်တို့လိုက်လဲ မသိပါဘူး။ လက်နက်ကိုင်ဆောင်မှုနဲ့ ရဲကဖမ်းပြီး ထောင်ထဲပို့လိုက်တာ။ မိသားစုဆိုလို့လဲ ညီမတစ်ယောက်ပဲ ရှိတော့တယ်တဲ့။ ဘယ်မိသားစုဝင်ကမှလည်း လာမတွေ့ဘူး။ ဘာအလုပ် လုပ်လဲဆိုတော့ တံငါလုပ်တယ်။ ငါးရှာ ဖားရှာပေါ့။
သူက ဘာပြောလဲဆိုတော့ “အဆောင်ဘက်မှာ နေရတာကိုကြီးရာ လမ်းဘေးက ခွေးကမှ လိုက်ရှာရင် ထမင်းသိုး ဟင်းသိုးလေး ရနိုင်သေးတယ်။ ဘာမှ စားစရာမရှိဘူး” တဲ့။ တိုက်ထဲရောက်လာတော့ ကော်ဖီတိုက်တဲ့သူနဲ့ ဟင်းလေးပေးကျွေးတဲ့သူနဲ့ နည်းနည်းအဆင်ပြေတယ်ပေါ့ဗျာ။ သူက လှိုင်သာယာက ဘုရားဝင်းဘုတ်ကိုင် လုပ်သွားတဲ့ ကိုဝတုတ်နဲ့ တွဲဘော။ ကိုဝတုတ်က ရှာလို့ရတာလေး သူ့ပေးကျွေးတယ်။
ရခိုင်လေး လွတ်သွားတော့ အမြဲဆင်းပြောင်းတယ်။ နာမည်တော့ မမှတ်မိတော့ပါဘူး။ ကောင်လေးက စာမတတ်ဘူး။ တိုက်ထဲကလူတွေ ဈေးဝယ်မှာရင် စနေတစ်ပတ် တစ်ခါ မှာလို့ရတယ်။ ထောင်မှာ ပိုက်ဆံ ထည့်ထားရတာပေါ့။ ကောင်လေးက (၄)တိုက်ဆိုတော့ (၄)တိုက်ကို ပို့ရမယ့် ပစ္စည်းဆိုပြီး ယူလာတယ်။ ဘယ်သူ့ကို ဘာပေးရမလဲ သူမသိဘူး။ သာကောကြီးက အဲဒါတွေကို တာဝန်ခံပြီး ခွဲခြမ်းရေး လုပ်ပေးရတယ်။
သူလွတ်သွားပြန်တော့ ၀ဲကျော်ဆိုတဲ့ လှည်းကူးက ကောင်လေးတစ်ယောက်။ ပြည့်စုံလို့ ခေါ်တယ်။ သူထောင်ထဲရောက်မှ ၀ဲတွေပေါက်တယ်။ ကိုယ်တွေကတော့ တတ်နိုင်တဲ့ ဆေးလေးတွေ ပေးပါတယ်။ သူ့လည်း အိမ်က လာမတွေ့နိုင်ဘူး။ ဆိုင်ကယ် ကယ်ရီမောင်းတယ်။ ဆိုင်ကယ်ထဲမှာ ဓားထည့်ထားတာ ဘယ်သူက လက်တို့လိုက်သလဲ မသိရဘူး။ လက်နက်ကိုင်ဆောင်မှုနဲ့ ကျရတာပဲ။ သူ့ကိုအမြဲဆင်း ခိုင်းမယ်ဆိုတော့ ၀ဲတွေပေါက်နေလို့ တချို့က ရွံကြတယ်။ အဲဒါနဲ့ သူ့အစား တခြားလူထည့်လိုက်ကြတယ်။ သူကတော့ ကိုအငယ်ကောင်ဆီ အမြဲလာတယ်။ ကိုငယ်အကောင်က အ၀တ်းလေး ဘာလေး လျှော်ခိုင်းတယ်။ စားစရာလေး၊ ကော်ဖီလေးပေးတယ်။
ဘိုကလေးက စစ်ပြေးလေးလည်း အဲဒီလိုပါပဲ။ ဟိုလူ့အ၀တ်လိုက်လျှော်ပေး၊ (၅၀၀) (၁၀၀၀)ရ၊ ကွမ်းဖိုးလေး၊ ကော်ဖီဖိုးလေး ရတာပေါ့။ မိသားစုအဆင်မပြေတဲ့ အကျဉ်းသားတွေမှာ ထောင်ထဲမှာ အဲဒီလိုနည်းနဲ့ ထောင်ထဲက နေ့စွဲတွေကို ဖြတ်သန်းကြရပါတယ်။
သူတို့လိုအပ်နေလို့ ကိုယ့်မှာ ရှိရင်တော့ ပေးလိုက်၊ ကျွေးလိုက် တာပါပဲ။ ဘာပေးလို့ ဘာလုပ်ပေးရမယ် ဆိုပြီး မခိုင်းပါဘူး။
နေ့စဉ်ဘယ်လို ဖြတ်သန်းလဲ ဆိုရင်တော့ ပုံမှန် ဘုရားရှစ်ခိုးဖြစ်တယ်။ မနက်ဆို ခြင်းခတ်၊ အ၀တ်လျှော်ပြီး ရေးချိုးကြ။ ထမင်းစားချိန်နီးရင် သတင်းစာမျှော်ပြီးဖတ်ကြ။ အပြင်ကသတင်းတွေ လက်မလွတ်ပါဘူး။ Eleven မီဒီယာက ရေးသားဖော်ပြတဲ့ အကြမ်းဖက်ဘင်္ဂလီတွေ သတင်း စုထားတာ ကျွန်တော့်မှာ တစ်ထပ်ကြီး ပါလာပါတယ်။ နေ့လယ် (၁၂း၀၀)နာရီဆိုရင် အခန်းထဲ ပြန်ပိတ်ထားတယ်။ စာဖတ်ပြီး တရေးတမောအိပ်ကြတာပေါ့။ (၂း၀၀)နာရီ ပြန်ဖွင့်ရင် ဟိုးနားစုစု၊ ဒီနားစုစု စကားပြောကြ။ သတင်းတွေ အပေါ် ဝေဖန်ကြ။ ၃နာရီလောက်ဆို ခြင်းခတ်ကြပြန်ပြီ။ မချိအောင်လို့ လှုပ်လှုပ်ရှားရှား နေကြရတာလေ။
ညနေ(၅း၃၀)ဆိုရင် တန်းပိတ်ပြီပေါ့ဗျာ။ တန်းပိတ်ပြီးရင် ထောင်မှူးနဲ့ ထောင်ဝန်ထမ်းတွေ လှည့်ပြီး လူစစ်တယ်။ ဘာကို ပြန်အမှတ်ရလဲဆိုတော့ ရွာမှာ ဘဲတွေမွေး၊ ဘဲတွေ ခြံထဲပြန်သွင်းပြီဆိုရင် တပြူး၊ နှစ်ပြူး အကောင်ရေစစ်ရတာ။ အခုလည်း ငါတို့ဘ၀ဟာ ဒီလိုဖြစ်နေပါပေါ့လားပေါ့။
ထောင်ဝန်ထမ်းတွေရဲ့ တာဝန်ကလည်း လူလျော့လို့မရဘူးလေ။ လူလျော့၊ လူပျောက် ဆိုရင် သူတို့ အလုပ်ရှုပ်ပြီ။ ဖြစ်လေ့ဖြစ်ထတော့ နည်းပါတယ်။ အဲဒီလို လူလျော့၊ လူပျောက် ဖြစ်ဖူးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
နောင်တော်လေး (ဘိုကလေး)

Leave a Reply

Subscribe to Posts | Subscribe to Comments

Wikipedia

Search results


Blogger templates

- Copyright © Naung Taw Lay -Metrominimalist- Powered by Blogger - Designed by Johanes Djogan -