- Back to Home »
- ထောင်မေတ္တာ »
- ထောင်မေတ္တာ အခန်း (၆)
Posted by : Unknown
Saturday, July 28, 2018
ထောင်မေတ္တာ
အခန်း (၆)
တရားသူကြီးများအကြောင်း
***************************
ကျွန်တော်တို့တွေဟာ
ထောင်ကျအကျဉ်းသားတွေ မဟုတ်သေးတဲ့ အချုပ်သားပါပဲ။ အကျမဟုတ်သေးပါဘူး။ ရမန်ယူပြီး ထောင်မှာ
ချုပ်ထားတဲ့သဘောပါ။ အဲဒီအတွက် တစ်ပတ် တစ်ကြိမ်ရုံးထွက်ရပါတယ်။ ကမာရွတ်မြို့နယ် တရားရုံး
ရုံးထွက်ကို ဗုဒ္ဓဟူး၊ ဗဟန်းရုံးထွက် ကြာသပတေး ယူထားကြပါတယ်။ ထောင်ထဲမှာ ချုပ်ထားပြီး
ရုံးထုတ်တယ်။ အဲဒီအချိန်မှာ ကမာရွတ်တရားရုံးက ကျွန်တော်တို့ကို ထောင်ထဲပို့ပေးခဲ့တဲ့
တရားသူကြီး ဒေါ်သန္တာရှင်ဟာ နေပြည်တော်ကို ပြောင်းရွှေ့သွားပြီး ကမာရွတ်တရားရုံးကို တရားသူကြီးသစ်
ဒေါ်စိုးစိုးမိုးရောက်လာပါတယ်။
ဒီကြားထဲမှာ တရားသူကြီး ဒေါ်သန္တာရှင်အကြောင်း
ပြောပါအုံးမယ်။ ဒေါ်သန္တာရှင်ဟာ မျက်နှာချိုတယ်။ အပြောချိုတယ်။ မသိရင် စွပ်စွဲခံရသူတွေအပေါ်
စေတနာထားသလိုပဲ။ ကျွန်တော်တို့ အမှုတွဲထဲမှာက ဆရာတော်သုံးပါးဖြစ်တဲ့ ဦးပါမောက္ခ၊ ဦးဥာဏဓမ္မ၊
ဦးသုစိတ္တ တို့လည်း ပါနေတယ်။ ဆရာဦးအောင်မြိုင်က ဆရာတော်သံဃာတော်များအပေါ် တရားစွဲဆိုခြင်းဟာ
သံဃာတော်များအပေါ် တရားစွဲဆိုခွင့်ပြုထားတဲ့ အချက်တွေနဲ့ မကိုက်ညီကြောင်း လေ့လာတွေ့ရှိချက်ကို
ဆရာတော်များထံ လျှောက်ထားတယ်။ တရားစွဲဆိုရာမှာ သံဃာ့နာယကရဲ့ ခွင့်ပြုချက်မပါဘူး။ ပြီးတော့
သံဃာတော်တွေကို အရပ်ဖက်တရားရုံးမှာ စွဲဆိုခွင့်ပြုထားတဲ့ အချက်တွေကို ဒီဆရာတော်များဟာ
တစ်ခုမှ ကျူးလွန်ထားခြင်း မရှိဘူး။ ဒီ့အတွက်ကြောင့် ဆရာတော်ဦးပါမောက္ခဟာ အမှုကို ချေဖျက်ဖို့
အမှုတွဲကို မိတ္တူကူးခိုင်းတယ်။ ဆရာတော်ရဲ့ တပည့်ရှေ့နေနဲ့ ကူးခိုင်းလိုက်တာ ကူးမရဘူး။
အဲဒီအတွက် အမှုထဲမှာ ကိုယ်တိုင်ပါဝင်နေတဲ့ ကျွန်တော်ကိုယ်တိုင် သွားကူးတော့လည်း ရစ်တယ်။
အမှုတွဲ မိတ္တူ ဥပဒေစာအုပ်ကြီး ထုတ်လာပြီး ရှင်းပြတယ်။ အမှုတွဲမိတ္တူကူးခွင့် ဥပဒေမှာ အတိအကျပါတာက
အမှုမှာ ပါဝင်သူ မည်သူမဆို အမှုတွဲ၏ တစ်စိတ်တဒေသကိုလည်းကောင်း၊ အလုံးစုံကိုလည်းကောင်း
မိတ္တူကူးယူခွင့်ရှိတယ်။ ဒါကို တရားသူကြီးမက ဖတ်ပြပြီး အင်တာနက်ပေါ်တင်မှာစိုးလို့တို့
ဘာတို့ ဥပဒေမှာ မပါဝင်တဲ့ အချက်တွေနဲ့ ကြပ်တယ်။
အဲဒီကိစ္စ
ကျွန်တော်နဲ့ ဆရာတော်များ ဆန္ဒဖော်ထုတ်ကြတယ်။ ကျွန်တော်တို့အပေါ် ပိုပြီး အမြင်ကပ်သွား
လား မပြောတတ်ပါဘူး။ အမြင်ကပ်တာလည်း ပါ ပါလိမ့်မယ်။ ပြောချင်တာက ဥပဒေမှာ မပါတဲ့ အချက်တွေနဲ့
အမှုသည်တွေကို မလိမ့်တပတ်လုပ်တာ။ ဒီကိစ္စမှာက ဆရာတော်တွေ ပါနေလို့သာ သူတို့ လိမ်တာ၊ ကောက်တာ၊
မလိမ့်တပတ်လုပ်တာအပေါ် ဖော်ထုတ်ပြောဆိုလို့ ရတာပါ။ အခြားသော အမှုသည်တွေမှာ သူတို့လှည့်သမျှ
ပတ်သမျှ ခံကြရတာပါ။ မြန်မာ့တရားစီရင်ရေးက အဲဒီလိုပါ။
သူ့ကိုဆန္ဒပြပြီးတော့
၅၀၅(ခ) ထုတ်သုံးတော့တာပဲ။ အဲဒီ ၅၀၅(ခ)ကို တရားလိုလုပ်တဲ့ ထိုစဉ်က ကမာရွတ်မြို့နယ် ဒုထွေအုပ်
ဦးသန်းထွန်းအောင် ကလည်း တရားရုံးဦးတိုက်လျှောက်ထားလွှာပေါ်က လက်မှတ်ဟာ သူရေးထိုးထားတဲ့
လက်မှတ်မဟုတ်ပါဘူးလို့ တရားရုံးတော် ရှေ့မှောက်မှာ ထွက်ဆိုပါတယ်။ ကျွန်တော်တို့ကို
ဖမ်းချုပ်ပြီး စစ်ဆေးစဉ်မှာ ဒီအဖြေ မပေါ်ပါဘူး။ ဆရာတော်ဦးပါမောက္ခကို ဖမ်းချုပ်ပြီး
စစ်ဆေးစဉ်မှာ တရားလို ကာယကံရှင် ကိုယ်တိုင်က ပါးစပ်ကလည်း ထွက်ဆိုပြီး စာနဲ့ပါရေးတင်သွားတာပါ။
ဆိုတော့ ဦးတိုက်လျှောက်ထားလွှာပေါ်က
လက်မှတ်အတုကိစ္စ ဒေါ်သန္တာရှင်နဲ့ တိုက်ရိုက်သက်ဆိုင်နေပါ တယ်။ ဒီကိစ္စအတွက် ဆရာတော်ဦးပါမောက္ခက
ပြန်လည်တရားစွဲဆိုတော့ ယခုအချိန်အထိ အဓိက သက်ဆိုင်တဲ့ ဒေါ်သန္တာရှင်၊ သူမနောက်က ရောက်လာတဲ့
တရားသူကြီး ဒေါ်စိုးစိုးမိုး၊ ဥပဒေအရာရှိ ဦးကျော်မင်းပိုင်တို့ကို တရားစွဲဆိုခွင့်မပြုဘဲ
ရဲမှူးနှစ်ဦးနှင့် ဦးသန်းထွန်းအောင်ကိုသာ တရားစွဲဆိုခွင့် ပြုထားပါတယ်။ တရားသူကြီးများဟာ
ရဟန်းသံဃာတော်နှင့် ပြည်သူများအပေါ် မမှန်မကန် လုပ်ခွင့်ရှိတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့
နိုင်ငံတော်ရဲ့အခြေခံမူများ ပုဒ်မ(၁၉)မှာ အောက်ပါတို့ကို တရားစီရင်ရေးမူများ အဖြစ်
သတ်မှတ်သည် - (က) ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး၊ (ခ) ဥပဒေအရ ကန့်သတ် ချက်များမှအပ
ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး၊ (ဂ) အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်
ရရှိရေး ဆိုတာ ရှိပင်ရှိငြား ဆရာတော်ဦးပါမောက္ခတင်ပြတဲ့ အမှုချေဖျက်လျှောက်လွှာ ပလပ်ခံရပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၄၇) မှာ “နိုင်ငံတော်သည် မည်သူ့ကိုမဆို
ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရှိစေရမည်။ ထို့ပြင်ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ
ရယူပိုင်ခွင့် ပေးရမည်။” လို့ ပြဋ္ဌာန်းထားချက် ရှိပင်ရှိငြား တရားသူကြီးဆိုသူများသည်
(နိုင်ငံဝန်ထမ်းများသည်) ရာထူးအာဏာ မရှိသူသော ပြည်သူများထက် ဥပဒေ၏ အကာအကွယ်ကို ရနေခြင်းသည်လည်းကောင်း၊
ဥပဒေကို လက်တစ်လုံးခြား လုပ်ခွင့်ရှိနေခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်ရန်၊
လိုက်နာရန် တာဝန်ရှိသူများက ဦးဆောင်ဦးရွက်ပြုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြောင်ပြောင်တင်းတင်း
ချိုးဖောက်နေခြင်းမည်ပါပေတယ်။
တရားသူကြီးများက လက်မှတ်အတုနဲ့ လူပုဂ္ဂိုလ်များကိုသာ မက ၊
ရဟန်းသံဃာတော်များကိုပါ ထောင်သွင်း အကျဉ်းချခြင်းဟာ လွန်စွာ ရုပ်ဆိုးအကျည်းတန်လွန်းသော
တရားသူကြီးများ၏ လုပ်ရပ်အဖြစ် ဖြည့်သွင်းရေးသားတင်ပြလိုက်ရခြင်းပါ။
ကျွန်တော်တို့ကို အင်းစိန်ထောင်ကနေ ရုံးထုတ်ပြီး အမှုတွဲမှာပါဝင်တဲ့
ဆရာတော်သံဃာတော်တွေ မလာလို့ ဆိုပြီး ရုံးချိန်(၄)ချိန်းလောက်အထိ စစ်ဆေးနိုင်ခြင်း မရှိပါဘူး။
အမှုကို ခွဲစစ်ပေးဖို့ ဘီလူဆိုင်းတီးတော့မှ ခွဲစစ်ဖို့ ဆောင်ရွက်ပါတယ်။ စစ်ဆေးနိုင်ခြင်းမရှိလျှင်
တရားရုံးပေါ် မတက်ဘူးလို့ အချုပ်ခန်းထဲကနေ အော်ခဲ့ရပါတယ်။ ခင်ဗျားတို့ ချချင်တဲ့အမိန့်ချ
ရုံးမထွက်ဘဲ ထောင်ထဲကနေ ခံပေးမယ်ဆိုပြီး အော်ခဲ့ပါတယ်။ အဲဒီစကားကို Eleven Media ကောက်စာထုတ်ပြီးရေးတော့
ထောင်မှူးက ကျွန်တော့်ကို လာပြောပါတယ်။ ထောင်ပိုင်ကြီးကလည်း တွေ့ခိုင်းတယ်။ အကို အဲဒီလိုလုပ်လို့တော့မရဘူး။
အကိုတို့က အချုပ်သားပဲ ဖြစ်နေသေးတဲ့အတွက် ထောင်ကမပိုင်သေးပါဘူး။ စောင့်ရှောက်ပေးထားရုံပါ။
အကို ထောင်ကားပေါ် ရောက်သည်အထိ ပို့ပေးရမယ့်တာဝန် ကျွန်တော်တို့မှာ ရှိပါတယ်လို့ ပြောလာတယ်။
ကျွန်တော် ရုံးမထွက်လို့ ထောင်မှူးတို့ကို ထိခိုက်တာ ရှိလား။
ကျွန်တော့်ကို စစ်ခွေးတိုက်ပို့၊ ပစ်ဒဏ်တိုက် ပို့ လုပ်ပိုင်ခွင့်ရှိတာ အကုန်လုပ် ကျွန်တော်
ခံပေးမယ် လို့ ပြန်ပြောပြပါတယ်။ မဟုတ်ပါဘူး။ အချုပ်ကားပေါ်ကို မရမက တင်ပေးရမှာပါတဲ့။
ချုပ်နှောင်ပြီး ပို့တာတော့ မခံပါဘူး။ အချုပ်ကားနဲ့ လိုက်လာပြီး တရားရုံးအချုပ်ခန်းထဲကနေ
အော်ရပါတယ်။ ဒီနေ့စစ်မယ်ဆိုရင် တရားရုံးပေါ်တက်မယ်။ မစစ်ဘူးဆိုရင် အဲဒီတရားသူကြီးရှေ့
မတက်နိုင်ဘူး။ အဲဒီလို လုပ်တော့ ရဲတွေ အလုပ်ရှုပ်ရပြန်ပါတယ်။ ရဲတွေကလည်း တရားသူကြီးရှေ့
အရောက်ပို့ပေးရမယ့် တာဝန်ဟာ သူတို့တာဝန်ပါတဲ့။ ခင်ဗျားတို့မှာ လုပ်ပိုင်ခွင့်ရှိရင်
ခင်ဗျားတို့ ကိုင်ထားတဲ့ သေနက်နဲ့ တခါတည်း ပြစ်သတ်လိုက်။ ခံပေးမယ်လို့ ပြောတော့လည်း
အဲဒီလို မဟုတ်ပါဘူး။ တရားရုံးပေါ်သာ တက်ပါဆိုပြီး ခရိုင်ရုံးက ရဲတွေထပ်ခေါ်တယ်။ ကျွန်တော်တို့ကို
အချုပ်ခန်းထဲထိ ၀င်ပြီး စွဲခေါ်ကြပါတယ်။
တရားသူကြီးဒေါ်စိုးစိုးမိုးနဲ့ စတွေ့ရတဲ့ရုံးချိန်းကတည်းက
သူက တင်းမာတဲ့ ပုံစံကို တွေ့ရတော့ ကျွန်တော့် အနေနဲ့လည်း သူတို့တရားရုံးမှာ ကပ်ထားတဲ့
ကြော်ငြာဆိုင်းဘုတ် လွတ်လပ်စွာ တရားစီရင်ရေး၊ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် တရားစီရင်း
ဆိုတာကြီးကို လက်ညှိုးထိုးပြီး အော်ခဲ့ရပါတယ်။ တရားသူကြီးများအနေနဲ့ အခြားသောအမှုကိစ္စများမှာ
သူတို့လုပ်ချင်သလို လုပ်ခွင့်ရပြီး အခုလို သူတို့ကို ပြန်လည် စောဒကတက်တာတွေရှိတော့
အမြင်လည်း ကပ်မှာပဲ။ မုန်းလည်း မုန်းကြမှာပဲ။ ကျွန်တော်တို့ တောင်းဆိုချက်များသည် ဥပဒေဘောင်အပြင်ဘက်က
တောင်းဆိုချက်တွေမဟုတ်ပါဘူး။ ဥပဒေအရ သူတို့အပိုင်းက လုပ်ဆောင်ရမယ့် တာဝန်တွေကို မလိမ့်တပတ်
လုပ်ကြလွန်းလို့သာ မုန်းသော်လည်းခံ အော်ခဲ့ရ ပြောခဲ့ရတာတွေသည် ပုဂ္ဂိုလ်ရေးခံစားချက်
မရှိပါဘူး။ မှန်မှန်ကန်ကန် ဆောင်ရွက်ကြတဲ့ တရားသူကြီးများ မြန်မာ့တရားစီရင်ရေးမှာ ပေါ်ထွက်ပါစေလို့သာ
ဆုတောင်းပါတယ်။ ဥပဒေအထက်မှာ ဘယ်သူ့မှ မရှိစေရလို့ ကြွေးကြော်ပြီး ဥပဒေအထက်ကနေ အမိန့်၊
ညွှန်ကြားချက်တွေနဲ့ ထောင်ချခိုင်း နေသူများလည်း သက်ရှည်ကျန်းမာကြပါစေ လို့ ထပ်ဆင့်
မေတ္တာပို့သပါတယ်။
နောင်တော်လေး (ဘိုကလေး)
