Posted by : Unknown Saturday, July 28, 2018

ထောင်မေတ္တာ 
အခန်း (၁) နိဒါန်း 
************************* 
 ထောင်ထဲမှာနေစဉ်ကတည်းက အပြင်ရောက်ရင်တော့ ထောင်နဲ့ပတ်သက်တဲ့ အကြောင်း အရာလေး တွေ ထောင်တွင်းအတွေ့အကြုံလေးတွေကို စာအုပ်တစ်အုပ်ထုတ်မယ်လို့ စိတ်ကူးရှိခဲ့ပါတယ်။ အလုပ်ဆိုတာ စိတ်ကူးကနေမှတဆင့် အကောင်အထည်ဖော်ရတာ ဆိုတော့ အဲဒီစိတ်ကူးကို စတင်အကောင် အထည်ဖော် တဲ့အနေနဲ့ စာရေးပါပြီ။ ကျွန်တော်တို့ထောင်ထဲမှာနေစဉ်ကလည်း ရှေ့က စာရေးဆရာတွေ ရေးသွားးကြတဲ့ ထောင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖတ်ရပါတယ်။ အင်းစိန်ထောင်ရဲ့ မိန်းဂျေးစာကြည့်တိုက်မှာ စေတနာရှင် တွေ လာရောက်လှူဒါန်းထားတဲ့ စာအုပ်တွေကလည်း စုံလင်လှပါတယ်။ ဘာသာရေး ၊ နိုင်ငံရေး ၊ စီးပွားးရေး၊ လူမှုရေး အစုံပါပဲ။ ဒီနေရာမှာ စကားစပ်မိလို့ အထူးကျေးဇူးတင်လိုတာက Eleven Media ၏ CEO ဒေါက်တာ သန်းထွဋ်အောင် ပါပဲ။ ဒေါက်တာ သန်းထွဋ်အောင် ဘာကြောင့် ထောင်ထဲရောက်သွားသလဲ။ တချို့တွေ လည်း သိကြပါတယ်။ နည်းနည်း အလှမ်းဝေးတဲ့သူတွေက သိချင်မှ သိမယ်။ ဒေါက်တာ သန်းထွဋ်အောင်ရဲ့ ဆောင်းပါးမှာ ၀န်းကြီးတစ်ယောက်က သိန်းတစ်ရာကျော်တန် နာရီပတ်တာကို ရေးမိလို့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တရားစွဲလို့ ထောင်ထဲရောက်သွား ခဲ့တာပါ။ အကြမ်းဖျင်းအားဖြင့် ဒီလောက်ပါပဲ။ 

ဘယ်လို ဘယ်လို ညှိနှိုင်းအဆင်ပြေသွားသလဲတော့ ကျွန်တော်လည်း မသိပါဘူး။ အာမခံ သိန်း(၅၀၀) တင်ရတယ် ဆိုတာလောက်အထိပဲ သိပါတယ်။ ဒေါက်တာသန်းထွဋ်အောင် ထောင်ထဲ ရောက်လာပြီးမှာ စာကြည့်တိုက်အတွက် လစဉ် စာအုပ်တွေ လှူဒါန်းပေးနေတာ ယနေ့တိုင်အောင်ပါပဲ။ အဲဒီလိုအလှူရှင် ရှိတဲ့အတွက် အသစ်ထွက်စာအုပ်တွေ၊ တန်ဖိုးရှိတဲ့ စာအုပ်တွေ ဖတ်ခွင့်ရခဲ့လို့ ဒေါက်တာသန်းထွဋ်အောင်ကို အထူး အထူး ကျေးဇူးတင်မိပါတယ်။ ထောင်အကြောင်း ရေးမယ်လို့ စဉ်းစားကတည်းက ဘယ်သူ့ ဘယ်သူကိုမှ ထိခိုက်စေလိုတဲ့ ရည်ရွယ် ချက်မရှိတဲ့အတွက် စာအုပ်နာမည်ကို စဉ်းစားကတည်းက ထောင်မေတ္တာလို့ စဉ်းစားထားတာပါ။ ထောင်ထဲမှာ အတွေးပွားပြီး စီကာစဉ်ကာ စိတ်ကူးနဲ့ ရေးကတည်းက ရွေးထားတဲ့နာမည်ပါ။ ကျွန်တော်ရဲ့ `ထောင်မေတ္တာ´ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော်ထောင်ထဲရောက်ရခြင်း အကြောင်းပါမယ်။ ပြီးးတော့ ထောင်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ တိုက်ထဲမှာ ကျွန်တော်တို့ နေရတဲ့ အခြေ အနေ။ နှစ်ကြီးကျ အကျဉ်းသားများအကြောင်း ၊ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားများအကြောင်း၊ ၀န်ထမ်း နှင့် အကျဉ်းသား ဖြစ်တတ်တဲ့ ပြဿနာလေးတွေ။ ထောင်မှာ နာမည်ကြီးတဲ့ ဘောင်ချာများအကြောင်း၊ ထောင် ဆေးရုံရဲ့သဘောသဘာဝ။ မူးယစ်ဆေးဝါးပြဿနာ။ နှစ်ကြီးကျခံနေရတဲ့ သက်ကြီးရွယ်အိုတွေအကြောင်း၊ အပြစ်မရှိပါဘဲ တရားခံဘ၀ရောက်ပြီး အတိဒုက္ခရောက်နေကြရသူတွေအကြောင်း စသဖြင့် စသဖြင့် စီကာစဉ်ကာ ရေးသား တင်ပြသွားဖို့ စိတ်ကူးရှိပါတယ်။ အချီနိဒါန်းအနေနဲ့တော့ ဒီလောက်ပါပဲ။

 အင်းစိန်ထောင်ဆိုတာ အင်္ဂလိပ်ကိုလိုနီ အစိုးရတည်ဆောက် ခဲ့တဲ့ထောင်။ ကိုလိုနီ အုပ်စိုးစဉ်က ထောင်ထဲက အဖြစ်အပျက်တွေဟာ အလွန်ဆိုးရွားတယ်။ ဦးနုတို့ ရေးခဲ့တဲ့ စာအုပ်တွေမှာ ကျွန်တော်တို့ လေ့လာဖတ်ရှုရတယ်။ စစ်အစိုးရလက်ထက်မှာလည်း ထောင်ထဲမှာ လူပါးဝမှုတွေ နိုင်လိုမင်းထက် အနိုင်ကျင့် နှိပ်စက်တဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေ ရှိခဲ့တယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနဲ့အတူ ဦးသိန်းစိန်အစိုးရ လက်ထက်က စလို့ ထောင်ထဲမှာ ပြောင်းလဲလာတဲ့အခြေအနေ။ မတူညီတဲ့ခေတ်မှာ မတူညီ တဲ့ ပုဂ္ဂိုလ်တွေက ထောင်တွင်းအခြေအနေတွေကို ရေးသားတင်ပြခဲ့ကြသလို ကျွန်တော်တို့ခေတ် ကျွန်တော်တို့ အချိန်မှာလည်း ကျွန်တော်ရဲ့ ထောင်တွင်းအတွေ့အကြုံကို မှတ်တမ်းတင်ပြီး အများပြည်သူကို အသိပညာ ဗဟုသုတ မျှဝေခြင်း သဘောမျှသာ ရေးသားတင်ပြသွားမှာ ဖြစ်ပါကြောင်း . . . . . . . . 

 နောင်တော်လေး (ဘိုကလေး)

Leave a Reply

Subscribe to Posts | Subscribe to Comments

Wikipedia

Search results


Blogger templates

- Copyright © Naung Taw Lay -Metrominimalist- Powered by Blogger - Designed by Johanes Djogan -