- Back to Home »
- ထောင်မေတ္တာ »
- ထောင်မေတ္တာ အခန်း (၉)
Posted by : Unknown
Saturday, July 28, 2018
ထောင်မေတ္တာ
အခန်း (၉)
အမှုအမျိုးမျိုး လူအမျိုးမျိုး
***************************
(၄)ရှည်တိုက်မှာ နေရစဉ်က မှတ်မှတ်ရရလေးတွေကို ပြန်ပြောပါအုံးမယ်။
စာတွေလည်း ဖတ်ဖြစ်တယ်။ ငါ ဒီအထဲကနေ မိသားစုအတွက် ဘာလုပ်ပေးနိုင်မလဲ ဆိုတာလည်း စဉ်းစားတယ်ပေါ့။
လူဆိုတာ ကိုယ့်အခြေအနေအရ ကိုယ်လုပ်နိုင်မယ့် အလုပ်ကို တွေးရတာပါ။ အခန်း(၈)မှာ အိမ်က
လာမတွေ့နိုင်တဲ့ အကျဉ်းသားလေးတွေ စားရေးသောက်ရေး ဒုက္ခရောက်ရပုံကို ပြောခဲ့ပါတယ်။ ထောင်မှာ
နေ့စဉ်ကျွေးတာက စရောက်စမှာ ပဲဟင်းတစ်လှည့်၊ ကန်စွန်းရွက်ချည်ရည်တစ်လှည့် ကျွေးတယ်ဗျ။
တစ်ပတ်တစ်ခါ ကြက်သားနှင့် မြစ်ချည် သို့မဟုတ် ငါး ကျွေးတယ်ဗျ။ တစ်ပတ်တစ်ခါ ကြက်ဥပြုတ်လည်း
ရပါတယ်။ အဖွဲ့က လူများတော့ ကြက်ဥကို ပြန်ချက်စားကြတယ်။ ကိုယ်တွေကတော့ မချက်ဘူးပေါ့။
အဲဒီ နှစ်ကြီးအကျဉ်းသားတွေ ချက်တာကို ၀ိုင်းကူပေးရုံလောက်ပေါ့။
တချို့နိုင်ငံရေးသမားတွေက ကျန်းမာရေးအကြောင်းပြပြီး လျှပ်စစ်ဒယ်အိုး
(ဒယ်နီ)သုံးခွင့်ရတယ်လို့ ပြောတယ်။ ပြဿနာရှာတတ်တဲ့ နိုင်ငံရေးသမားတွေပေါ့ဗျာ။ ထောင်ကလည်း
ပြဿနာရှာသူကိုမှ အလေးထားတာဗျ။ အေးအေးဆေးဆေး နေသူဆို သိပ်တော့ အရေးမစိုက်ချင်ဘူး။ နိုင်ငံရေးအကျဉ်းသားဆိုသူများကတော့
ထောင်ထဲရောက်ပြီဆိုတာနဲ့ ထောင်ကွက်နင်းတယ်။ ရုပ်ရှင်ရိုက်တယ်ပေါ့ဗျာ။ သူတို့လိုချင်တဲ့အခွင့်အရေး
အရတောင်းတယ်ပေါ့။ ကျွန်တော်တို့ ထောင်ထဲနေခဲ့တာတော့ သူများနဲ့တန်းတူမဟုတ်တဲ့ အခွင့်အရေးမျိုး
ဘာတစ်ခုမှ အရေးမဆိုခဲ့ပါဘူး။
ထောင်ထဲမှာ ချက်ရတာတော့ မလွယ်ဘူး။ ဟိုးအရင်က ပုံစံပန်းကန်ပြားတွေကို
ဒယ်အိုးလိုဖြစ်အောင် ထုပြီး သိမ်းထားကြတာလေးတွေ ရှိတယ်။ သိသာသိစေ။ မမြင်စေနဲ့ပေါ့ဗျာ။
စစ်ဆေးရေးလာလို့ တွေ့ရင်တော့ သိမ်းသွားတော့တာဗျို့။ (၄)ရှည်မှာဆိုရင် အဲဒီအချိန်တုန်းက
(၂)လုံးရှိတယ်။ အမြဲတမ်းချက်လို့လည်း မရပါဘူး။ ညောင်သီးလည်းစား၊ လေးသံလည်းနားထောင်။
ထောင်မှူးလှည့်ကြည့်တဲ့အချိန်နဲ့ မတိုးအောင်လည်း ရှောင်ရတာပေါ့။ ချက်ပြီဆိုရင် ငါးသေတ္တာဘူးလေးတွေကို
မီးဖိုလုပ်၊ ကော်ခွက် ကော်ဗူးအဟောင်းတွေကို ထင်းအဖြစ်လုပ်ပြီး မီးရှို့ချက်ရတာ။ ညှော်နံ့ထွက်တာပေါ့ဗျာ။
အထဲမှာ နေလာတာကြာတော့လည်း တစ်နေ့လာ ပဲဟင်း၊ ကန်စွန်းရွက် ချည်ရည် နဲ့ ဘယ်အဆင်ပြေမလဲ။
အိမ်က လာပို့ထားတဲ့ အာလူးလေး၊ ခရမ်းချည်သီးလေး ချက်စားကြ။ ထောင်ကပေးတဲ့ ကြက်ဥပြုတ်ကို
ဟင်းဖြစ်အောင် လုပ်ချက်စားကြ။ အိမ်က ပို့တဲ့ ငါးခြောက်ငါးခြမ်းက ကြာလာရင်မကောင်းဘူးလေ။
ပြန်နွှေး၊ ပြန်ချက်ပြီး စားကြရတာပေါ့။
ရုံးထွက်ရက်တွေ ရှိနေတုန်းကတော့ တစ်ပတ်တစ်ခါ အူစိုတာပေါ့ဗျာ။
ရုံးထွက်ရက်မရှိတော့တဲ့အခါကြတော့ အိမ်က အလာကို မျှော်ရတာပေါ့။ ကျွန်တော်ကတော့ အိမ်ကမလာခင်
ကွမ်းကြွေးတွေ တင်တင်နေလို့ အိမ်က ဘယ်ရက်လာမလဲ။ ကွမ်းကြွေးပေးဖို့ မျှော်ရတာဗျို့။
ကိုယ်တစ်ယောက်တည်း ဆိုရင်တော့ တစ်နေ့ တစ်ထောင်ဖိုးလောက် ရပါတယ်။ အဲဒီလို အမြဲဆင်းလေးတွေ၊
ဘောက်ဆင်းလေးတွေကြတော့လည်း ကိုယ်က ကျွေးချင်သေးတယ်။ ဒီထက်တော့ ပိုမဆင်းရဲပါဘူးကွာဆိုပြီး
အလှူလို့သဘောထားပြီး ကျွေးတယ်။ ကိုယ်တတ်နိုင်တာ ဒါလောက်ပဲလေ။
ကျသွားတဲ့ တစ်အုပ်ကြီးထဲမှာ ကိုဖိုးသားကတော့ ကံအကောင်းဆုံးပဲဗျ။
ဗဟန်းတရားရုံးမှာ ကျွန်တော်၊ ကိုဖိုးသားအပါအ၀င် သုံးဦးစွဲဆိုခံရတယ်။ ကိုဖိုးသားလည်း
၅၀၅(ခ)အကပ်ခံရပါတယ်။ သို့ပေသော် ၅၀၅(ခ) မှာ ကိုဖိုးသားလွတ်သွားတယ်။ ပုဒ်မ(၁၉)အတွက်
တစ်လပဲ ခံရတယ်။ သို့ပေသော် ထောင်ထဲမှာ (၃)လနီးပါး နေသွားရတယ်။ ခံရသူဘက်က နစ်နာတာပေါ့ဗျာ။
ကိုဖိုးသားရှိနေတုန်းကဆိုရင် ကိုဖိုးသားက ပုတီးလေးတွေကို
ချီနဲ့အပေါ်ကနေ ထိုးတာပေါ့။ ဘညွန့်ဆီက သင်ပြီး သူလည်းအဲဒါလေးတွေ ထိုးတယ်။ ထမင်းစားခါနီးဆိုရင်
ကိုဖိုးသားက တို့စရာ တာဝန်ယူပြီး လုပ်ပေးတယ်။ တစ်ယောက်ထွက်သွားတော့လည်း ထောင်ထဲမှာ
ကျန်ခဲ့တဲ့သူကတော့ ဟာတာတာ ဖြစ်သွားတာပေါ့ဗျာ။ လွတ်သွားတဲ့သူကတော့ ဘယ်ပြောကောင်းမလဲ။
လှည့်တောင်မကြည့်တော့ဘူး။ (နောက်တာပါ)။ ညီလို အကိုလို နေကြတာပါပဲ။
တစ်တိုက်နဲ့ တစ်တိုက် ကျွန်တော်ကတော့ အသွားအလာနည်းတယ်။ (၂)ရှည်ဘက်က
လူတွေ၊ (၅)တိုက် ဘက်က လူတွေ လာကြပါတယ်။ ကိုအငယ်ကောင်တို့၊ ဘညွန့်တို့နဲ့ ရင်းနှီးကြတဲ့သူတွေပေါ့။
ဦးမြင့်ဆွေ ဆိုရင် သမ္မတကြီးလို့ ခေါ်ကြတယ်။ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ နာမည်တူတာကိုး။ သူက
(၄)ရှည် မှာ လာလာပြီး ခြင်းခတ်တယ်။ နောက်ပြီး (၅)တိုက်က ဘတင်ညွန့်ဆိုရင် တိုက်ထဲမှာ
အသက်အကြီးဆုံးပေါ့။ သားဖမ်းစက်လှေမှာ စက်ဆရာလုပ်ရင်း စက်ပေါ်မှာ မူးယစ်ဆေးတွေ တင်လာတာကို
မသိဘဲ အမှုတွဲထဲ ပါလာခဲ့ရတဲ့ အဘပါ။ အဘတင်ညွန့်ကိုတော့ ကြုံရင် ကြုံသလို မုန့်၊ ကော်ဖီ၊
ခေါက်ဆွဲထုတ်လေးတွေ ပေးပါတယ်။ သစ်သီးလေးတွေ ပါလာရင်လည်း အဘကို လူကြီးတစ်ယောက်အဖြစ်
ဂါရ၀ထားပြီး သွားပေးဖြစ်ပါတယ်။
နောက်တစ်ယောက်က ကိုစီဖူး ပေါ့။ သူက ကရင်ပါ။ သွားပုံလာပုံက
မိန်းကလေးလိုပဲ ကနွဲ့ကယပုံစံလေး။ ကိုအငယ်ကောင်ဆီ မကြာမကြာလာတယ်။ သူချက်တဲ့ ဟင်းလေးတွေ
လာပို့တယ်။ သူက ဆံပင်အရှည် ထားတယ်။ မိန်းမပုံလည်း ပေါက်တော့ သူ့ကို စီစီ လို့ စကြတယ်။
သူကတော့ စိတ်မဆိုးတတ်ပါဘူး။
ကျွန်တော် ထောင်ထဲရောက်ပြီးမှ ဆံပင်တစ်ခါပဲ ညှပ်တယ်။ ထောင်ထဲမှာ
ဆံပင်ညှပ်ပေးတာက အချုပ်ရုံးက လွှတ်တဲ့ ခေါင်းညှပ်ဆရာ လာရင်လာ။ မလာရင် (၂)ရှည်က ကိုဦး
ညှပ်ပေးတယ်။ ကိုဦးက ဆံပင်သိပ်ညှပ်တတ်သေးတာတော့ မဟုတ်ဘူး။ အပြောင်ထိုးပေးတာပဲ။ သူ့ကိုသွားပြီး
ဒေါ်နယ်ထရမ့်ကေ ညှပ်ပေးပါလို့ ခေါင်းစားခဲ့တယ်။ အဲဒီတစ်ခါပဲ ညှပ်ပြီး ဆံပင်အရှည် ပြန်ထားတယ်။
မြတ်ဘုန်းမိုရ်ကိုလည်း ဆံပင်အရှည်ထားခိုင်းတယ်။
(၄)ရှည်မှာ ရှိတဲ့ ၀မ်ဝေ့လုံဆိုတဲ့ တရုတ်လေးက ကိုတင်လင်းထိုက်ကို
အရမ်းခင်တယ်။ ကိုတင်လင်းထိုက် လှူရင် သူလိုက်လှူတယ်။ မြန်မာစကား မတတ်သေးပေမယ့် သူ့ကို
ဘာပြောသလဲဆိုတာ သိတယ်။ လူမှုရေးနားလည်ပါတယ်။ တရုတ်ဆိုတော့လည်း တရုတ်ပေါ့။ သူတို့အတွဲက
ဝမ်ဝေ့လုံအပါအ၀င် နောက်နှစ်ယောက်ရဲ့ နာမည်တွေတော့ မသိဘူး။ တစ်ယောက်ကိုတော့ တော်တော်ဝလို့
ဝတုတ်လို့ ခေါ်တယ်။ နောက်တစ်ယောက်ကိုတော့ အေးတယ် ဆိုပြီး မောင်အေးလို့ အမည်ပေးခဲ့ကြတယ်။
ခြင်းမခတ်တတ်ကြဘူး။ ကျွန်တော်တို့ခတ်ရင် မောင်အေးက ၀င်ခတ်တယ်။ သူက မခတ်တတ်တော့ တော်တော်တန်တန်လူက
မခတ်ချင်ဘူး။ သူ့ကို ခြင်းခတ်တတ်အောင်လည်း သင်ပေးခဲ့သေးတယ်။ ခြေခွင်၊ ခြေဖျားလောက်ပေါ့။
ကျွန်တော်နဲ့ မြတ်ဘုန်းမိုရ် ဆံပင်နည်းနည်းရှည်လာတော့ (၃)တိုက်က
ကိုစီဖူးကို စီစီ လို့ စနေကြတာကိုး။ အဲဒါ ၀မ်ဝေ့လုံက မြတ်ဘုန်းမိုရ်ကို ဒီဒီလို စတယ်။
ကျွန်တော့်ဘက်လှည့်လာပြီး ဘီဘီ လို့ စတယ်။ အဲဒီ တစ်ယောက်ကတော့ မျက်နှာလည်း ပြောင်တယ်။
ပျော်ပျော်နေတတ်တယ်။
(၄)ရှည်မှာ ကိုနဂါးလေးလည်း ရှိတယ်။ ဦးကိုလေး၊ ဦးနေလင်းတို့လည်း
ရှိနေသေးတယ်။ ဦးကိုလေး ကတော့ လူမိုက်များနဲ့ အကျွမ်းတ၀င်ရှိတယ်။ သူ့ကိုလည်း လေးစားကြပါတယ်။
သူကတော့ စာဖတ်လိုက် လမ်းလျှောက်ထွက်လိုက်။ တစ်ခါတလေ နိုင်ငံရေးအကြောင်းလေးတွေ ပြောလိုက်ပေါ့။
ဦးကိုလေးနဲ့ ဦးနေလင်းက ရှေ့ဆင့်နောက်ဆင့် ကျွန်တော်တို့မလွတ်ခင်ကတည်းက လွတ်သွားကြတယ်။
ထောင်ထဲမှာက ရန်ဖြစ်တယ်ဆိုရင် ပြစ်ဒဏ်တိုက်ပို့တယ်။ ဆေးမိတယ်ဆိုရင်
ပြစ်ဒဏ်တိုက်ပို့တယ်။ ပြစ်ဒဏ်တိုက်က တခြားနေရာတော့ မဟုတ်ပါဘူး။ (၄)ရှည်နဲ့ မျက်စောင်းထိုးမှာပါပဲ။
ဘုရားဝင်းနဲ့ ကပ်ရပ်ပေါ့။ အမြဲဆင်းလေးတွေ၊ ဘောက်ဆင်းလေးတွေလည်း အဲဒီတိုက်မှာပဲ နေကြရတာပါ။
ပြစ်ဒဏ်နဲ့ လာတဲ့သူကိုတော့ ခြေကျင်းခတ်၊ ဒေါက်တပ်ပြီး ထားပါတယ်ဗျာ။ ပြစ်ဒဏ်တစ်ခါဖြစ်ရင်
ခြေကျင်းခတ်၊ ဒေါက်တပ်ပြီး (၁၄)ရက် နေရပါတယ်။ ရန်ဖြစ်တဲ့သူ၊ ရုံးအပြန်မှာ မူးယစ်ဆေးဝါးမိ၊
ဆေးလိပ်မိတဲ့သူတွေ ပေါ့။
အမြဲဆင်းလေးတွေ လွတ်တော့မယ်ဆိုရင် ပြန်သွားရင် ၀တ်စရာမရှိလို့၊
လမ်းစရိတ်မရှိလို့ဆိုရင် အားလုံးက တတ်နိုင်သလောက် ထောက်ပေးကြပါတယ်။ ၀န်ထမ်းထဲက ကိုဝေယံဦးတို့၊
စောဆေးပွဲအား (ကရင်)၊ ကိုရန်မျိုးနိုင်တို့ဆိုရင်လည်း သူတို့ဆီ ဆရာလမ်းစရိတ်မရှိလို့
မုန့်ဖိုးပေးပါအုံးဆိုရင် ၃၀၀၀ တန်သည်၊ ၅၀၀၀ တန်သည် အမြဲဆင်းလေးတွေကို ပေးလိုက်ကြတာပါပဲ။
ဝန်ထမ်းတိုင်း မဆိုးဘူးဆိုတာတော့ အသိအမှတ်ပြုရပါမယ်။ ကျွန်တော်တို့နဲ့ ပြောဆို ဆက်ဆံကြရာမှာလည်း
ညီလိုအစ်ကိုလိုပါပဲ။ တချို့ဝန်ထမ်းတွေတော့လည်း ငေါက်ချင်၊ ဟောက်ချင် ဘီလူးရုပ်ဖမ်းထားကြတဲ့သူတွေလည်း
ရှိမှာပေါ့။
ထောင်ထဲမှာ ၀န်ထမ်းတွေ ဘာဆုံးရှုံးရသလဲဆိုရင် ကွမ်းအကြွေးရောင်းတာပေါ့။
ကလေးတွေက ဆရာ ဒီတစ်ပတ်ထောင်ဝင်စာလာရင် ပေးပါ့မယ်ဆိုတော့ သူတို့ကလည်း ပေးတယ်။ တစ်ပတ်မလာ၊
နှစ်ပတ် မလာ ကြာလာတော့ ၂သောင်း၊ ၃သောင်းတွေ ဖြစ်လာကြတယ်။ အဲဒီလိုလူတွေက ရုတ်တရက် လွတ်သွားတယ်။
မဟုတ်ရင်လည်း ထောင်ပြောင်း ပါသွားကြတယ်ဆိုရင် ထောင်ဝန်ထမ်းတွေမှာ ပိုက်ဆံဆုံးရပါတယ်။
ဘယ်ကိုမှလည်း လိုက်တောင်းလို့ မရပါဘူး။ အဲဒီလိုအဖြစ်မျိုးကလည်း ခဏခဏ ကြုံရပါတယ်။ မရှိတဲ့သူကို
လည်စိညှစ်တောင်းလို့ ရတဲ့ကိစ္စလည်း မဟုတ်ပါဘူး။
ထောင်ဝန်ထမ်းတွေရဲ့ သဘောကတော့ ပြဿနာမရှာနဲ့။ အေးဆေးပါပဲ။
ပြဿနာရှာတတ်တဲ့ နိုင်ငံရေးသမားတွေ ရှိနေပြီဆိုရင် သူတို့လည်း စိတ်ညစ်ရတာပဲ။ အလုပ်လည်း
ရှုပ်ပါတယ်။ အခြားအမှုနဲ့ ကျတဲ့ကောင်တွေ ပြဿနာရှာလို့တော့ ထောင်ဝန်ထမ်းက ဘယ်လက်ခံလိမ့်မလဲ။
တွယ်သင့်တဲ့သူ တွယ်တာပေါ့။ ထောင်ထဲမှာ ပြဿနာအရှာဆုံးကတော့ နိုင်ငံရေးသမားအမည်ခံတွေပေါ့။
တချို့ကိစ္စတွေမှာ သူတို့ထောက်ပြပြောဆို တာတွေ မှန်ကောင်းမှန်ပါတယ်။ အခွင့်အရေးတောင်းတာကြတော့
နိုင်ငံရေးသမားဆိုသူများဟာ သူများတွေမရတဲ့အခွင့်အရေးမျိုး သူတို့က လိုချင်တာ။ ထောင်မှူး၊
ထောင်ဝန်ထမ်းတွေက ပြဿနာမဖြစ် ရလေအောင်လို့ သူတို့အလိုကို လိုက်ပြီး ဆောင်ရွက်ပေးကြရပါတယ်။
နောင်တော်လေး
(ဘိုကလေး)
