Posted by : Unknown Saturday, July 28, 2018


ထောင်မေတ္တာ
အခန်း (၇)
ရုံးထွက်ရက်များ
***************************
အစောပိုင်းရုံးထွက်ရက်တွေ ကမာရွတ်တရားရုံးမှာ ဘီလူဆိုင်းတီးရတာကို ပြောခဲ့ပြီးပါပြီ။ ကမာရွတ် ရုံးထွက်က လူချောင်ချောင်ချိချိ ထွက်ရပါတယ်။ ကျွန်တော်တို့ ရုံးထုတ်တဲ့ ရက်ဆိုရင် တရားသူကြီးက တခြားသူတွေကို ရုံးချိန်ခေါ်မထားပါဘူး။ လှိုင်နဲ့ တွဲထွက်ရတာဖြစ်လို့ ထောင်ကနေ တရားရုံးအလာမှာတော့ လူနည်းနည်းကြပ်ပါတယ်။ အပြန်တော့ (၄)ယောက်တည်း ပြန်ရပါတယ်။ ကျွန်တော်တို့ကလည်း တရားရုံးမှာ ကြာကြာမနေချင်။ ရောက်ပြီး မြန်မြန်စစ်၊ ထမင်းစားပြီးတာနဲ့ ပြန်ပို့ခိုင်းပါတယ်။
ဗဟန်းတရားရုံး ရုံးထွက်ကတော့ အတော်စိတ်ညစ်ဖို့ ကောင်းပါတယ်။ လူ(၄၀) (၅၀) ပြွတ်သိပ်ပြီး လိုက်ရတာပါ။ တရားသူကြီးကိုရော ရဲကိုရော အဲဒီလို ရုံးမထွက်နိုင်ကြောင်း ပြောပါတယ်။ ပြောရခြင်း အကြောင်းက ဗဟန်းတစ်ရုံးတည်းမဟုတ်ဘဲ ဗဟန်း၊ လသာ၊ ဒဂုံ (၃)ရုံးတွဲပြီး လှည့်ပတ် ပို့တာပါ။ အပြန်ဆိုလည်း အတော်မိုးချုပ်မှ ရောက်ပါတယ်။
ရဲတွေဟာ သူတို့ကြောက်ရတဲ့သူမဟုတ်ရင် မစဉ်းစားပေးပါဘူး။ ဗဟန်းရုံးထွက်မှာ မူးယစ်ဆေးသမားတွေ များပါတယ်။ ဖြူဖြူသန့်သန့် ညီလေးတွေလည်း ဆေးမှုနဲ့ ထောင်ထဲ ရောက်နေတာ မြင်ရတော့ စိတ်မကောင်းပါဘူး။ နောက်ပြီး ဆေးမှုနဲ့ပဲ အချုပ်ခံထားတဲ့ အခြောက်တွေလည်းပါတယ်။
ဆိုးတာကဘာလဲဆိုတော့ ရုံးထွက်တဲ့အခါ ကားပေါ်မှာ ဆေးလိပ်သောက်တာလောက်ကို ပြဿနာ လုပ်မပြောဘူး။ ဗဟန်းရုံးထွက်ကားပေါ်မှာ ဆေးပြားတွေ ပါတယ်။ မူးယစ်ဆေးကြောင်း အချုပ်ခံထားရတဲ့ ကလေးတွေ အချုပ်ကားပေါ်မှာ ဆေးချကြတယ်။ ကိုယ်တွေက မမြင်ချင်ယောင် ဆောင်နေလို့ ရတာလည်း မဟုတ်ဘူး။ အချုပ်ကားပေါ်မှာ ရဲ နှစ်ယောက်၊ သုံးယောက်ပါတယ်။ မမြင်ချင်ယောင်ဆောင်ပြီး နေပေးကြတယ်။ ပိုဆိုးတာက အဲဒီအချုပ်ကားပေါ်မှာ ဆေးချဖို့ ခဲပြား၊ မီးခြစ်ပါလာတယ်။ ဒါကို ဘယ်သူတွေက စီစဉ်ပေးတာလဲ။ ရဲတွေပါ။ အားလုံးကို သိမ်းကြုံးပြောလိုခြင်းမဟုတ်ပါ။ ဒီကားပေါ်မှာ တာဝန်ကျတဲ့ ရဲတွေဟာ ကလေးတွေ ပျက်စီးဆေးမယ့် ဆေးဝါးကို ဖန်တီးပေးပြီး ကိုယ်ကျိုးရှာနေကြ တယ်။ အဲဒီရုံးထုတ်မှာ ထွက်လာတဲ့ အခြောက်တွေကလည်း ဆေးတွေ သူတို့နည်း သူတို့ဟန်နဲ့ ယူလာကြပါတယ်။ ကားပေါ်မှာ သုံးကြတယ်။ တချို့လည်း ထောင်ထဲထိ ရောက်အောင် သယ်သွားကြတယ်။ သယ်ပုံသယ်နည်းတွေကတော့ မျိုးစုံရှိပါတယ်။ ထောင်အတွေ့အကြုံ ရှိသူတိုင်းလည်း သိပါတယ်။
WY ဆေးပြားဈေးက  တစ်လုံး (၅၀၀၀) ကနေ (၃)လုံးကို (၂၀၀၀၀) အထိ ဈေးပေါက်ပါတယ်။ ပစ္စည်းရှားရင် ရှားသလို ဈေးတင်ရောင်းကြတာပေါ့။
ထောင်ထဲမှာ နေ့စဉ်သတင်းစာတွေ မှာယူ ဖတ်ရှုလို့ရပါတယ်။ မှာဖတ်ကြပါတယ်။ ထောင်ထဲရောက်ပြီး ၃လလောက်အကြာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ဥပဒေပြင်မယ်ဆိုတော့ သုံးစွဲသူတွေကို လူမှုရေး ပစ်ဒဏ်လောက်သာ ချမယ်။ ရောင်းချသူတွေကိုသာ အဓိကအရေးယူမယ်ဆိုတဲ့ အစိုးရရဲ့ ပေါ်လစီ ထွက်ပေါ်လာခဲ့ပါတယ်။ သုံးစွဲခြင်းကြောင့် ကျခံနေရတဲ့ ညီငယ်တွေက အဲဒါလေးကို မျှော်လင့်ချက် ထားကြတယ်။ ဥပဒေပြင်ဆင်ရေးက တော်တော်နဲ့ မလုပ်တော့ မျှော်သူမောရပါတယ်။
အခြားသတင်းတစ်ခုမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ထောင်ထဲကထွက်နေတဲ့ ပုံစံမျိုး ပြောတာကို တွေ့ရတယ်။ ဒါကတော့ တစ်ဖက်သတ် အပြစ်ရှာခြင်းပဲ။ ထောင်ထဲမှာ ဘယ်နေရာကနေ ကုန်ကြမ်းရှာပြီး ဆေးထုတ်မလဲ။ အဓိက ကျတာက ရဲပါ။ အထဲရောက်နေတဲ့ မူးယစ်ဆေးဝါး ရောင်းချသူ၊ သုံးစွဲသူ အားလုံးဟာ ရုံးထွက်ကနေ သယ်လာကြတာပါ။ ထောင်က ကြပ်မက်စစ်ဆေး ရှာဖွေတာ မလုပ်ဖူးလားလို့ မေးရင် ကျွန်တော်တို့ကတော့ သူတို့စစ်တာကို မခံနိုင်လို့ သီးခြားစစ်ခိုင်းရပါတယ်။
ရုံးပြန်မှာ အားလုံးကို စစ်ဆေးပါတယ်။ ပါးစပ်ဟ၊ ပုဆိုးဖြန့်ခါ၊ အင်္ကျီအိပ်ကပ်တွေပါ တစ်ခုမကျန် ရှာပါတယ်။ သို့ပေသော် ရုံးထွက် မူးယစ်ဆေးသမားများဟာ ဒီလိုစစ်ဆေးခြင်းကို နောကျေနေပြီ။ ဖင်စအိုထဲ ထည့် သယ်လာတယ်။ ထောင်ထဲရောက်မှ ၀မ်းနှုတ်ဆေးသောက်ပြီး ထုတ်တယ်။ မျိုချပြီး သယ်လာတယ်။ ထောင်ထဲရောက်မှ အန်ထုတ်တယ်။ အဲဒါတွေပါ။
ထောင်ဝန်ထမ်းတွေက မသင်္ကာတဲ့သူကို ၀မ်းသွားခိုင်းတာမျိုး၊ အန်ခိုင်းတာမျိုးအထိ လုပ်ကြပါတယ်။ အဲဒီလိုတွေ လုပ်တော့လည်း လူ့အခွင့်အရေးချိုးဖောက်သလို ဖြစ်ပါတယ်။ ဖြစ်သင့်တာက စက်နဲ့ စစ်ဆေးသင့်ပါတယ်။ စက်ကို တစ်ယောက်ချင်း ဖြတ်ခိုင်းပြီး အသံထွက်တာနဲ့ အဲဒီလူကို သီးခြား စစ်မယ်ဆိုရင် အစစ်ခံရတဲ့သူလည်း သက်သောင့် သက်သာဖြစ်မယ်။ အမှုမှန်လည်း ပေါ်ပေါက်မယ်။ အဲဒီလို အဆင့်မြှင့်တင်တာမျိုး မလုပ်ဘဲနဲ့ ဒီလိုအခြေအနေတိုင်း ထားလို့ကတော့ ထောင်ကျလို့ မူးယစ်ဆေးပြတ်သွားတာမျိုးလည်း ရှိမှာ မဟုတ်ပါဘူး။
ထောင်ဝန်ထမ်းတွေ စစ်ဆေးဆောင်ရွက်ရတာလည်း မလွယ်ပါဘူး။ အမျိုးသမီးများကို မတော်မလျော်တဲ့ နေရာတွေ နှိုက်ပြီး စစ်ဆေးပြန်တော့လည်း တစ်ဖက်သားရဲ့ ကာအိနြေ္ဒကို နှောက်ယှက်ရာ ကျပါတယ်။ ထောင်နဲ့ ပတ်သက်ပြီး နိုင်ငံတကာစံနှုန်းတွေနဲ့ ညီညွတ်အောင်၊ လူ့အခွင့်အရေးနဲ့အညီ စောင့်ရှောက်ထားနိုင်အောင် ဆိုရင်တော့ ထောင်အတွက် လိုအပ်တဲ့ ဘဏ္ဍာငွေကို တိုးမြှင့်သုံးစွဲမှ ရပါလိမ့်မယ်။ ထောင်ပိုင်ကြီးနိုင်ငံတကာထောင်တွေကို သွားရောက်လေ့လာတယ်လို့ သတင်းကြားလိုက်ပါတယ်။ တချို့ဝန်ထမ်းလေးတွေ ညီလိုအကိုလို ခင်မင်နေတော့ ညမှုညတာ မအိပ်ခင်လေး စကားပြောဖြစ်ကြတယ်။ ထောင်ပိုင်ကြီး နိုင်ငံတကာထောင်တွေကို သွားရောက်လေ့လာတဲ့ အကြောင်း ၀န်ထမ်းတွေကို ပြန်ပြောပြသတဲ့။ ဒိန်းမတ်နိုင်ငံက ထောင်တွေမှာဆိုရင် အကျဉ်းသားတစ်ယောက် တစ်နေ့ရပိုင်ခွင့်အတွက် သူ့တို့ရဲ့ credit card ထဲ ထည့်ပေးထားတယ်။ ထောင်ထဲမှာ ရှိတဲ့ ဈေးဆိုင် ( Super market ) မှာ ကြိုက်တာဝယ်စား။ တစ်နေ့စာ တစ်နပ်တည်း စားစား၊ ချန်ထားရင်လည်း ထောင်ကလွတ်ရင် ယူသွားလို့ ရသတဲ့။ နောက်ပြီးတော့ အကျဉ်းသားတစ်ယောက်ကို ၀န်ထမ်းတစ်ယောက်နှုန်းလောက် ထားပြီး ထိန်းကျောင်းတဲ့ ထောင်တွေလည်း ရှိတယ်လို့ သိရတယ်။
အစိုးရသစ်လက်ထက် တရားဥပဒေစိုးမိုးရေးအကြောင်းပြပြီး ဖမ်းဆီးလိုက်တာ လူ (၆၀၀၀)ဆန့် အင်းစိန်ထောင်ဟာ ၁၂၀၀၀ ကျော်အထိ ဖြစ်နေတယ်။ တိုက်ဘက်မှာတော့ တစ်ယောက်တစ်ခန်း (သို့မဟုတ်) သုံးယောက်တစ်ခန်းထားတာပါ။ နှစ်ကြီးကျ အကျဉ်းသား၊ သေဒဏ်နှင့် နိုင်ငံရေးသမားတွေပါ။ အခြားသော သူတွေကို အဆောင်ဘက်မှာ ထားတာပါ။ အဆောင်တွေမှာ လူဘယ်လောက်အထိ ကြပ်နေလဲဆိုရင် ညအိပ်တဲ့အခါ တစ်ကိုယ်စာရပြီးရင် ဟိုဘက်ဒီဘက် လှိမ့်လို့တောင် မရပါဘူး။ အတော်ကို ကြပ်တည်းနေတဲ့အခြေအနေပါ။ ညနေဘက်ဆို ယာယီအိပ်ဆိုပြီး ဆေးရုံ လွတ်နေတဲ့နေရာတွေ၊ တိုက်ထဲက လွတ်နေတဲ့အခန်းတွေမှာ အိပ်ဖို့ အထုပ်လေးတွေ ကိုယ်စီဆွဲပြီး သွားကြရပါတယ်။ အဲဒီလို နေ့စဉ် အိပ်နေရပါတယ်။
တချို့ကလေးတွေဆို နောက်နောက်ပြောင်ပြောင်နဲ့ ဘာပြောကြသလဲဆိုရင် အပြင်မှာ နေစရာမရှိလို့ ကျူးကျော်မှာ နေရတယ်။ ထောင်ထဲရောက်လာတော့လည်း နေရာမရဘူးတဲ့။ တရားဥပဒေက တကယ် စိုးမိုးလား မစိုးမိုးလားတော့ မသိဘူး။ ရဲကဖမ်း တရားသူကြီးက ထောင်ချ။ ပြစ်မှုပြစ်ဒဏ် မမျှတာတွေ၊ ငွေမလိုက်နိုင်လို့ ဘာမဟုတ်တဲ့ ပြစ်မှုလေးကို ပုံကြီးချဲ့ပြီး ထောင်ထဲထည့်ထားတာတွေ အများကြီးပါ။ တရားရုံးတွေကို ရှောင်တခင် ၀င်စစ်ဆေးရင် ပေါ်ပေါက်မှာပါ။ တရားရုံးတွေမှာ ရဲနဲ့ ပေါင်းပြီး သက်သေလိုက်စားနေသူတွေ ရှိတယ်။ သက်သေအတွက် အမှုသည်က ပေးရတယ်၊ ရဲအတွက် အမှုသည်က ပေးရတယ်။ နောက်ဆုံးတော့ ကိုယ်လိုချင်တဲ့ အမိန့်ဖြစ်ဖို့ သစ္စာတရားကို ကိုယ်စားပြုပါတယ် ဆိုတဲ့ အနက်ရောင် ကုတ်ဝတ်ထားတဲ့ တရားသူကြီးများကိုလည်း အမှုသည်များက ပေးရပါတယ်။ ဘယ်မလဲ တရားဥပဒေစိုးမိုးရေး။ တချို့အမှုတွေ တရားလိုက ကျေအေးပေးတာတောင် ရဲက ငွေမရရင် အမှုပိတ်မပေးဘူး။
ပြည်သူတွေ ခံဖက်ဖြစ်နေတဲ့ တရားဥပဒေစိုးမိုးရေးကြီးကိုတော့ ကြောက်ပါတယ်။ ဥပဒေအရာမှာ တစ်ဖက် စောင်းနင်းလုပ်နေတာကြတာတွေ ရပ်တန်းက ရပ်မှ ထောင်ထဲမှာ လူလျော့ပါလိမ့်မယ်တဲ့ဗျာ။
နောင်တော်လေး (ဘိုကလေး)

Leave a Reply

Subscribe to Posts | Subscribe to Comments

Wikipedia

Search results


Blogger templates

- Copyright © Naung Taw Lay -Metrominimalist- Powered by Blogger - Designed by Johanes Djogan -