Posted by : Unknown Saturday, July 28, 2018


ထောင်​​မေတ္တာ
အခန်း (၅)
ထောင်ဆိုတာကို မျက်မြင်ကိုယ်တွေ့
***************************

  

        နိုင်ငံရေးလုပ်ရင် ထောင်ကျနိုင်တယ်ဆိုတာ အားလုံးက တွက်ဆထားပြီးသားပါ။ အစိုးရသူများနှင့် မတူညီသော အမြင်ရှိတဲ့သူတွေမှာ ပိုပြီး ထောင်ကျနိုင်ခြေများပါတယ်။ အရင် ကလည်း ဒီလိုပဲ။ အခုဒီမိုကရေစီလို့ ပြောနေလည်း ဒီလိုပါပဲ။ ဒီမိုကရေစီအစိုးရ လက်ထက်မှာ ဘာပိုဆိုးလာသလဲဆိုတော့ အမျိုးသားရေးလှုပ်ရှားသူတွေကိုပဲ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးထောင်ချတာမျိုး ဖြစ်နေတယ်။ သို့ပေသော် ကျွန်တော်တို့သည် အာဏာလုတဲ့ နိုင်ငံရေး လမ်းကြောင်းပေါ်ကနေ လှုပ်ရှားဆောင်ရွက်ခဲ့ကြခြင်းမဟုတ်ပါဘူး။ ဘယ်အစိုးရတက်တက် အမျိုးသားရေးအန္တရာယ်ဖြစ်မယ့် ကိစ္စတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလတာဝန်နှင့် အခွင့်အရေးများအရ ပြည်ထောင်စုအပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး အတွက် နိုင်ငံသားတိုင်းကို တာဝန်တွေ ပေးအပ်ထားပါတယ်။ ဥပဒေရှုထောင့်ကပြောရင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းပြည်ရဲ့ ပင်မဥပဒေကြီး ဖြစ်ပါတယ်။ အခြားသောဥပဒေများဟာ ဖွဲ့စည်းပုံအခြေခံကို ကျော်လွန်လို့ မရပါဘူး။ အာဏာရှိသူများ၊ တရားသူကြီးများက ဖွဲ့စည်းပုံပါ နိုင်ငံသား အခွင့်အရေးကို မျက်ကွယ်ပြုပြီး အစိုးရတရားလို စွဲဆိုသမျှအမှုကိစ္စတိုင်းအတွက် ဥပဒေပါ အခွင့်အရေးကို ပြည်သူတွေ မရဘဲ အဓမ္မထောင်ချခံရတာ၊ အာဏာရှင်မဟုတ်ပါဘူးလို့ ပြောနေတဲ့ ဒီမိုကရေစီအိုင်ကွန်ကြီးတွေရဲ့ လက်ထက်မှာ အခုလိုလုပ်ခံရတာ ပိုပြီး ရင်နာစရာကောင်းပါတယ်။
          သူတို့ပြောတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ သူတို့လုပ်တဲ့ ဥပဒေအထက်က လုပ်ရပ်ဟာ ပြန်လည် စမ်းစစ်ကြည့်ရင်တော့ ပြဒါးတစ်လမ်း၊ သံတစ်လမ်းပါ။
          ထောင်အကြောင်း ဆက်ပြောရရင် ၁၂-၅-၂၀၁၇ ရက်နေ့မှာ တရားသူကြီးဒေါ်သန္တာရှင်က အာမခံ ရုပ်သိမ်းပြီး အင်းစိန်ထောင်ကို ပို့လိုက်တော့ ကားပြာကြီးနဲ့ ပို့လိုက်လေသတည်းပေါ့ဗျာ။
          ထောင်ဆိုတာကို ပထမဆုံး နဖူးတွေ့ ဒူးတွေ့ တွေ့လိုက်ရခြင်းပါပဲ။ ကျွန်တော်တို့တွေကို မကမာရွတ်တရားရုံးကနေ အင်းစိန်ထောင်ပို့တယ်။ ကျွန်တော်တို့ အရင်ကြိုရောက်နှင့်နေတာက မင်္ဂလာတောင်ညွန့် ခိုးဝင်ဘင်္ဂါလီဖမ်းတဲ့ ဖြစ်စဉ်မှာ ပါဝင်တဲ့ ကိုတင်ထွဋ်ဇော်နှင့် မအောင်အောင်မြင့်တို့ လင်မယားပါ။ ကိုတင်ထွဋ်ဇော်ကတော့ ကျွန်တော်တို့နဲ့အတူ (၄)ရှည်မှာပါပဲ။ မအောင်အောင်မြင့်ကတော့ အမျိုးသမီးအချုပ်ဆောင်ဘက် ရောက်သွားပါတယ်။
          ရောက်သွားကြတော့ ကိုသက်က ပထမအကြိမ်တုန်းက ငြိမ်းစုစီနဲ့ တစ်လကျစဉ်က (၄)တိုက်ရှည်မှာ နေခဲ့လို့ (၄)တိုက်မှာပဲ နေမယ်လို့ ရွေးလိုက်ကြပါတယ်။ (၄)တိုက်မှာက (၄)ရှည်နဲ့ (၄)တို ဆိုပြီး ခွဲထားပါတယ်။ (၄)ရှည်ဘက်မှာ (၁၈)ခန်း၊ (၄)တိုဘက်မှာ (၁၂)ခန်း ရှိပါတယ်။
          (၄)ရှည် (၁)ခန်းမှာ နှစ်ကြီးကျနေတဲ့ ဘညွန့်၊ (၂)ခန်းနဲ့ (၃)ခန်း လွတ်နေလို့ ကျွန်တော်တို့ကို (၃)ယောက်တစ်ခန်း၊ ကိုသက်က တစ်ခန်း နေပါတယ်။ စရောက်တဲ့ နေ့မှာတော့ စိတ်ထဲမှာ ဘာလိုအပ်နေမှန်းမသိပါဘူး။ ထမင်းစားမလာရသေးဘူးဆိုတော့ ထောင်က ထမင်းဘူးကြီးနဲ့ မျှင်ငပိခွက်ကြီး လာပေးပါတယ်။ ကိုသက်နဲ့ သိကျွမ်းပြီးဖြစ်တဲ့ ဦးကိုလေး၊ စောမောထတို့က ဟင်းပေးကြပါတယ်။ ထောင်ကပေးတဲ့ ငပိဟာ ၀ဲတွေ ပေါက်တယ်ဆိုလို့ မစားကြပါဘူး။ ဘေးကလူတွေ ပေးတာနဲ့ပဲ စားလိုက်ကြပါတယ်။
          ထောင်ထဲကို နိုင်ငံရေးသမားဝင်လာရင် ပြဿနာရှာတတ်လို့ ထောင်မှူး၊ ထောင်ဝင်ထမ်းတွေကလည်း အကဲခတ်မှာပါပဲ။ ကျွန်တော်တို့ အနေနဲ့တော့ ဘာမှ ပြဿနာရှာတာမျိုး မလုပ်ပါဘူး။ ထောင်မှာတော့ ထောင်ကွက်နင်းတဲ့ ပြဿနာတွေရှိပါတယ်။ နောက်ပိုင်းမှာ အလျဉ်းသင့်သလို ဖော်ပြပါမယ်။
          ထောင်စာကြည့်တိုက်ကနေ စာအုပ်တွေ ငှားဖတ်လို့ ရတယ်။ တစ်ပတ်တစ်ခါ သွားငှားခွင့် ပြုထားတယ်။ တိုက်ထဲက လူတွေအတွက် စနေနေ့ဟာ စာအုပ်ငှားရက်ပေါ့။ စာအုပ်တွေ တစ်ပွေ့တစ်ပိုက် သွားငှားကြတယ်။ ဘညွန့်၊ မောထ၊ ကိုအငယ်ကောင်တို့က စာဖတ်ပြီး ကွေးချည်းမနေဖို့။ လှုပ်လှုပ်ရှားနေဖို့ ပြောပါတယ်။ ဘာလုပ်ကြလည်းဆိုရင် ခြင်းခတ်ကြတယ်။ ခြင်းမခတ်ရတာကြာပြီ ဖြစ်လေတော့ ခြင်းခတ်မယ်ဆိုတော့ ခတ်သည်ပေါ့။ စာဖတ်လိုက်၊ ခြင်းခတ်လိုက်။ အဲဒီအချိန်တုန်းက (၄)ရှည်မှာက TV တစ်လုံးပဲ ရှိပါတယ်။ သာကောကြီး အခန်းမှာ ထားပေးတယ်။ အားလုံးအဲဒီမှာသွားကြည့်ကြတယ်။ memory stick နဲ့ ဇာတ်ကားတွေ ထည့်ယူလာလို့ ရတယ်။ (၄)ရှည် ၀န်ထမ်းက အဲဒီအချိန်က ကိုဝေယံဦးပါ။ ကိုဝေယံဦးက တော်တော်အေးပါတယ်။
          တိုက်ထဲမှာ သူရှိလို့ ရှိမှန်းတောင် မသိရပါဘူး။ တိုက်ထဲရောက်တာနဲ့ စောမောထအခန်းထဲ ၀င်ပြီး စာဖတ်နေတော့တာပါပဲ။ အကျဉ်းသားတွေကို ထွေလီကေလာလည်း မပြောပါဘူး။ ပြဿနာ ဖြစ်တာလည်း နည်းပါတယ်။ တစ်ခါတလေတော့ စကားများကြတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီအခါကြရင်တော့ တိုက်တာဝန်ကျ ၀န်ထမ်း ခေါင်းကိုက်ရတာပေါ့။ ကျွန်တော်တို့တွေက အေးအေးဆေးဆေးပဲ နေပါတယ်။
          ခိုင်နေမင်း (ရခိုင်တိုင်းရင်းသား) ကျတုန်းကလည်း (၄)ရှည်မှာပဲ နေသွားတယ်လို့ သိရတယ်။ သူကတော့ ထောင်ဝန်ထမ်းတွေကို တော်တော်လေး ပြဿနာရှာတယ်လို့ ပြောကြတယ်။ နှစ်ကြီးအကျဉ်း သားတွေကတော့ တိုက်ပိုင်ကြီးတွေပေါ့။ နေကြတာလည်း နှစ်ဆယ်ချီနေပြီ။
          နိုင်ငံရေးသမားတွေ ရဲ့ သဘောသဘာဝကိုလည်း သူတို့တွေက သိနေကြတယ်။ (၄)ရှည်မှာ ကျွန်တော်တို့ကတော့ ဘညွန့်လို့ပဲ ခေါ်တဲ့ ဦးညွန့်ဝင်း၊ ကိုအငယ်ကောင်၊ စောမောထ၊ မူးယစ်ဆေးဝါးမှုနဲ့ကျနေတဲ့ လီကောကြီး၊ ငွေတုနဲ့ ကျနေတဲ့ ကုလား ရာဇာ၊ ကိုနဂါးလေး၊ မူးယစ်မှုပဲ သာကောကြီးတို့ ရှိပါတယ်။
          နောက်တော့ ၀မ်ဝေ့လုံပါ တရုတ်(၃)ယောက် မူးယစ်မှုနဲ့ကျပြီး (၄)ရှည် (၁၈)ခန်းကို ထပ်ရောက်လာတယ်။ နောက်တစ်ပတ်ကြတော့ မင်္ဂလာတောင်ညွန့်ဖြစ်စဉ်မှာ စွဲဆိုခံရတဲ့ ကိုတင်လင်းထိုက်၊ ကိုကြီးကောင်တို့ကပါ အဖမ်းခံလိုက်ကြတယ်။ (၄)ရှည်မှာ လူပြည့်လာတယ်။ နောက်တော့ ကျွန်တော်တို့ ဗဟန်းဖြစ်စဉ်မှာ စွဲဆိုခံရတဲ့ ကိုဖိုးသားကိုပါ အာမခံ ရုပ်လိုက်တော့ ကိုဖိုးသားလဲ ထပ်ရောက်လာတယ်။ မြတ်ဘုန်းမိုရ်ကလည်း အဖမ်းခံလိုက်တော့ အင်းစိန်ထောင် (၄)ရှည် တိုက်ဟာ အမျိုးသားရေးလှုပ်ရှားသူ အကျဉ်းသားများနဲ့ ပြည့်သွားပါတော့တယ်။
          ဒီမိုကရေစီအစိုးရလက်ထက် အမျိုးသားရေးလှုပ်ရှားသူများကို ဆူပူရေးသမား၊ ဘာသာရေး အစွန်းရောက် တံဆိပ်ကပ်ပြီး ထောင်နန်းစံခံလိုက်ခြင်းသည် သမိုင်းတစ်ခုရဲ့ ထူးထူးကဲကဲ ဖြစ်ရပ် အနေနဲ့ မှတ်တမ်းတင်အပ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)

Leave a Reply

Subscribe to Posts | Subscribe to Comments

Wikipedia

Search results


Blogger templates

- Copyright © Naung Taw Lay -Metrominimalist- Powered by Blogger - Designed by Johanes Djogan -